ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် တို့မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များ
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ မော်စကိုမြို့)
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ပြောကြားရာတွင် -
ချစ်ခင်မြတ်နိုးအပ်ပါသော သူငယ်ချင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံမှာ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါတယ်၊ ရုရှား-မြန်မာဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ်တွင် အခြေခံနေပါတယ်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမှုတို့အပေါ်တွင် မူတည်ပါတယ်၊ ၁၉၅၀-၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အကူအညီများစွာပေးခဲ့ပါတယ်၊ ဆိုဗီယက်ယူနီယံခေတ်က မြန်မာနိုင်ငံမှာ တည်ဆောက်ပေးခဲ့တဲ့ ကြီးမားတဲ့အခြေခံအဆောက်အုံဖြစ်တဲ့ ဆေးရုံ၊ တက္ကသိုလ်တွေဟာ ယနေ့အထိ မြန်မာပြည်သူများကို အကျိုးပြုလျက်ရှိတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ အဓိကအနေဖြင့် လက်ရှိအချိန်အထိ ရုရှား-မြန်မာ ဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိသည်ကို ပြောကြားလိုပါတယ်၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်မှုများ များစွာရှိပါတယ်၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအချင်းချင်း စနစ်တကျဆက်သွယ်ဆက်ဆံမှုများ ဆောင်ရွက်နေပါတယ်၊ လုံခြုံရေးကောင်စီအကြား၊ ပါလီမန်များအကြား၊ ပါတီများအကြား တွေ့ဆုံဆွေးနွေးမှုများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်၊ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီမံကိန်းများစွာကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဒီနေ့လည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာရေးရာကိစ္စရပ်များကိုလည်း ဒီနေ့ဆွေးနွေးနိုင်ခဲ့ပါတယ်၊ ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ ဌာနများအချင်းချင်းအကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်၊ ဆက်လက်ပြီး စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နှစ်နိုင်ငံအကြား ယုံကြည်မှုရှိတဲ့ ခိုင်မာတဲ့ ငွေပေးချေမှုစနစ်ရှိပါတယ်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းများရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်၊ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာ ရှိပါတယ်၊ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေး အပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်၊ အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်၊ ဒီစီမံကိန်းက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်း ဖြစ်ပါတယ်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာလည်း စီမံကိန်းအများအပြား ဆောင်ရွက်ဖို့ အလားအလာရှိပါတယ်၊ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်း တည်ဆောက်နေပါတယ်။
မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းတွင်လည်း ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းကိုဆွေးနွေးနေပါတယ်၊ High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်၊ မြန်မာနိုင်ငံရဲ့ Digital နယ်ပယ်၊ Cyber Security အစရှိတဲ့ High-Tech နယ်ပယ်မှာ ရုရှားကုမ္ပဏီများရဲ့အဆိုပြုချက် အစီအစဉ်အများအပြား ရှိပါတယ်။
အာကာသပူးပေါင်းဆောင်ရွက်မှုမှာ ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကလည်း နှစ်နိုင်ငံအတွက် အရေးကြီးတဲ့နယ်ပယ်ဖြစ်ပါတယ်၊ နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမား အများအပြား အပြန်အလှန် သွားလာနေကြပါတယ်၊ ဗလာဒီဗော့စတော့မြို့မှာ ရုရှားဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံး မကြာမီဖွင့်လှစ်တော့မှာဖြစ်ပါတယ်၊ ဒါ့အပြင် Altai, Kaluga, Moscow ပြည်နယ်များတွင်လည်း မြန်မာယဉ်ကျေးမှုဘာသာရေး Center ဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့မှာ ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်းဆောက်ဖို့ အတည်ပြုထားပါတယ်၊ မြန်မာနိုင်ငံမှာ ရုရှားဘာသာစကားကို စိတ်ဝင်စားမှုမြင့်တက်လာတာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်၊ ရုရှားဘာသာစကားကို ရန်ကုန်၊ မန္တလေးတက္ကသိုလ်တွေမှာ သင်ကြားပေးနေပြီး တပ်မတော်အကယ်ဒမီမှာလည်း သင်ကြားပေးနေပါတယ်။
မြန်မာနိုင်ငံက ရုရှားဆီကပရိုဂရမ်ကို ပါဝင်ဖို့အစီအစဉ်ရှိပါတယ်။ အခု ရုရှားတက္ကသိုလ်မှာ မြန်မာကျောင်းသား ကျောင်းသူ စုစုပေါင်း အယောက် ၄၀၀ ရှိပါတယ်။ ရုရှားတက္ကသိုလ်ကနေ အောင်မြင်ပြီးတဲ့ မြန်မာကျောင်းသား ကျောင်းသူကတော့ ၁၇၀၀၀ ဖြစ်ပါတယ်။ နိုင်ငံတကာကိစ္စရပ်များအတွက် ရုရှားနဲ့မြန်မာရဲ့ထင်မြင်ချက်က အလွန်နီးကပ်ပါတယ်။ ရုရှား-မြန်မာက နိုင်ငံတကာအဖွဲ့တွေ ကာကွယ်ရေးဆိုင်ရာနဲ့ ပြည်တွင်းရေးစွက်ဖက်မှုတွေအတွက် အချိန်တိုင်းကန့်ကွက်နေပါတယ်။ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုက ကောင်းစွာတိုးတက်နေပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ရုရှား-မြန်မာ စစ်ဘက်လေ့ကျင့်မှု မကြာခဏဆောင်ရွက်နေပါတယ်။ ရုရှားရေတပ်သင်္ဘောတွေ မြန်မာပြည်ကို မကြာခဏလာရောက်ခဲ့ပါတယ်။ ဒီနေ့လာရောက်တဲ့ သမ္မတကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သမ္မတကြီး ဦးမင်းအောင်လှိုင်က ရုရှားရောက်တဲ့အချိန်မှာ အစီအစဉ်တွေ အများအပြားရှိပါတယ်။ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှုအပြင် အခြားဌာနတွေနဲ့တွေ့ဆုံဖို့ အများကြီးရှိနေပါတယ်။ ဒါ့အပြင် အဆွေတော် ဦးမင်းအောင်လှိုင်က ဒူးမားပြည်နယ်ကိုလည်း ခရီးသွားဖို့အစီအစဉ်ရှိပါတယ်။ ဒူးမားပြည်နယ်က ရုရှားရဲ့ ဗုဒ္ဓဘာသာနယ်မြေတစ်ခုဖြစ်ပါတယ်။ အခုခရီးစဉ်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးအတွက် အထောက်အကူများစွာပေးမယ်လို့ မျှော်လင့်ပါတယ်။ လေးစားအပ်သော လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်။
အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နဲ့ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များ အားလုံးမင်္ဂလာပါခင်ဗျာ -
ကျွန်တော့်အနေနဲ့ ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစောဆုံးသံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ မိတ်ဆွေရင်း၊ မိတ်ဆွေစစ် နိုင်ငံတွေဖြစ်ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှုတွေနဲ့ အခြေခံတည်ဆောက်ထားတဲ့ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များကစပြီး မြန်မာ - ရုရှား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်လည်း အဓိကတွန်းအားတစ်ရပ်ဖြစ်ပါတယ်။ သမ္မတကြီး ပူတင်နဲ့ ကျွန်တော်တို့ ယနေ့တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း မြှင့်တင်သွားဖို့အတွက် ကြီးမားတဲ့အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူထားတဲ့ ကိစ္စရပ်တွေ၊ သဘောတူညီချက်တွေအပေါ် အကောင်အထည်ဖော်မှု အခြေအနေနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ကာ ရရှိပြီးတဲ့တိုးတက်မှုတွေကို ထိန်းသိမ်းသွားဖို့နဲ့ ဆက်လက်တိုးမြှင့်သွားဖို့အတွက်လည်း ဆွေးနွေးသဘောတူညီနိုင်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနဲ့ ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် အလားအလာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ပါတယ်။
ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေလည်း ပေါ်ပေါက်လာပြီဖြစ်လို့ ကျွန်တော်တို့ အစိုးရနှစ်ရပ်အကြားမှာသာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ယခုနှစ်၊ ဇန်နဝါရီလ အတွင်းက စတင်အသက်ဝင်ခဲ့ပြီးဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်မယ့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ယခုခရီးစဉ်အတွင်းမှာ သဘောတူစာချုပ်/ နားလည်မှုစာချွန်လွှာ (၁၂) ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ အပြန်အလှန် အစဉ်ရပ်တည်ထောက်ခံပေးကြတဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာကိစ္စရပ်တွေအပေါ်မှာလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နောင်အနာဂတ်မှာလည်း မိမိတို့နှစ်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။
သမ္မတကြီး၊ နှစ်ဖက်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့ဝင်များ ခင်ဗျာ-
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတဲ့နိုင်ငံဖြစ်တဲ့အပြင် အနီးအနားမှာလည်း ကြီးမားတဲ့ဈေးကွက်ကြီးရှိသလို သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သား အင်အားသာမက ကောင်းမွန်ပြီး သမမျှတတဲ့ ရာသီဥတုလည်း ရှိပါတယ်။ ဒါ့အပြင် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလည်း ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတကြီးမှတစ်ဆင့် ထပ်မံဖိတ်ခေါ်လိုပါတယ်။ မနက်ဖြန်မှာလည်း မြန်မာနဲ့ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တစ်ခုကိုလည်း ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။
သမ္မတကြီး၊ နှစ်ဖက်ကိုယ်စားလှယ်များနဲ့ မီဒီယာအဖွဲ့ဝင်များ ခင်ဗျာ -
မိမိတို့နိုင်ငံနဲ့ အစဉ်အလာအရချစ်ကြည်ရင်းနှီးတဲ့ ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်မြင့်မားလာစေဖို့အတွက် မိမိအနေနဲ့ သမ္မတကြီး ပူတင်၊ ရုရှားအစိုးရနဲ့ ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထပ်လောင်းဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments