ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး

 



နေပြည်တော် ဩဂုတ် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် ကရင်မလင်နန်းတော်သို့ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆို နှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရုား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်နှင့် အစိုးရအဖွဲ့အကြီးအကဲများ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တက်တက်ကြွကြွပူးပေါင်း

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ခရီးဦးကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များကို ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူများကို မိမိအနေဖြင့် စာနာထောက်ထားပြီး အားပေးသည်ကိုပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ သံတမန်ဆက်ဆံမှုအနေဖြင့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာတိုးတက်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှား-အာဆီယံအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်၍ရသည့်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ယခု အဆွေတော်၏ ရုရှားနိုင်ငံသို့ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လေ့လာစရာများရှိပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးကို အသေးစိတ်ဆွေးနွေးဆောင်ရွက်သွား နိုင်မည်ဟုယုံကြည်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်းဖြင့် ပြောကြားသည်။

 

ပြောင်းလဲတိုးတက်လာ

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေး ပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုအတွက် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအခါ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်းတွင် ပထမဆုံးလာရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆွေတော် ပြောကြားသကဲ့သို့ မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့်လမှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုအပေါ်တွင် အဆွေတော်အနေဖြင့် မြန်မာပြည်သူများအပေါ် စာနာထောက်ထားကြောင်း ပြောကြားပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆုံးရှုံးမှုများလည်း များစွာရှိခဲ့ကြောင်း၊ ထိုအချိန်တွင် အဆွေတော်တို့အနေဖြင့် အထူးအဖွဲ့များစေလွှတ်၍ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့သည်ကို ယခုအချိန်အထိ မမေ့ပါကြောင်းနှင့် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ အဆွေတော်နှင့် အသေးစိတ် ဆွေးနွေးနိုင်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရေး နယ်ပယ်များတွင်လည်း ပြောင်းလဲတိုးတက်လာပြီ ဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရန် နယ်ပယ်များလည်း များစွာကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်း များစွာအားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု များစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါ ကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားစွာရှိသည့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် အနာဂတ်တွင်လည်း ခိုင်မြဲစွာရှိနေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် အမြဲတည်ရှိနေမည်ကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမြဲအသင့်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 

အမြင်ချင်းဖလှယ်ဆွေးနွေး

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန်နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ကြသည်။

 

အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဒီဂျစ်တယ်ငွေကြေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ အာကာသသိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍ၊ ကုန်သွယ်ရေကြောင်း ပို့ကုန်နှင့် ပို့ဆောင်ရေးကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

 

လက်မှတ်ရေးထိုးလဲလှယ်

ယင်းနောက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံအကြား တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုများ၏ ဆိုးရွားသောသက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းရန်နည်းလမ်းများနှင့်ပတ်သက်သည့် ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ၊ ရေဒီယိုအီလက်ထရောနစ် လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှု အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်များ ဂြိုဟ်တုအခြေပြုရှာဖွေ ကယ်ဆယ်ရေးစနစ် COSPAS-SARSAT နှင့် ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိသောအခြေအနေ များအတွက် အလိုအလျောက်သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics တို့အကြား နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Bauman Moscow State Technical University တို့အကြား နားလည်မှုစာချွန်လွှာများ အပါအဝင် စုစုပေါင်း နားလည်မှုစာချွန်လွှာ ၁၂ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့ရှေ့မှောက်၌ အသီးသီးလဲလှယ်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန်အလှန် ပြောကြားမှုကို သီးခြားဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

 

 

 

No comments

Powered by Blogger.