ပါကစ္စတန်နိုင်ငံ၌ ယာဉ်တစ်စီး တူးမြောင်းအတွင်း ထိုးကျသွားသဖြင့် ၁၂ ဦး သေဆုံး၊ သုံးဦး ပျောက်ဆုံး
ဩဂုတ် ၁၂
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Kot Addu ခရိုင်တွင် မင်္ဂလာဆောင်ပွဲ သွားရောက်မည့်ဧည့်သည်များကို တင်ဆောင်လာသော သုံးဘီးယာဉ်တစ်စီး ရေမြောင်းအတွင်း ထိုးကျသွားသဖြင့် ကလေးခြောက်ဦးအပါအဝင် လူ ၁၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး တာဝန်ရှိသူများက ယမန်နေ့ကပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် ဩဂုတ်လ ၁၀ ရက်နေ့ညနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဆောင်ပွဲသွားရောက်မည့် ဧည့်သည်များကိုပို့ဆောင်နေသော သုံးဘီးယာဉ် သုံးစီးအနက် တစ်စီးသည် အရှိန်လွန်မောင်းနှင်မှုကြောင့် ရေမြောင်းအတွင်း ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း Rescue 1122 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။
ထိုယာဉ်သည် Lomar Wala ရွာရှိ မင်္ဂလာပွဲမှ ပြန်လာသည့် ခရီးသည် ၂၄ ဦးကို တင်ဆောင်လာခဲ့ကြောင်းနှင့် ခရီးသည်သုံးဦးသည်ဘေးကင်းရာသို့ရေကူးနိုင်ခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုများကို အကြောင်းကြား နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ဒေသခံများ၏အကူအညီဖြင့် ကယ်ဆယ်ရေးသမားများသည် တူးမြောင်းမှ အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးကို ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပြီး အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
သေဆုံးသူဦးရေ ၁၂ ဦးအထိ မြင့်တက်လာပြီး ကျန်ရှိနေသော ပျောက်ဆုံးခရီးသည်များကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments