ငဖဲမြို့နယ်၌ ဆီထွက်သီးနှံမိုးနေကြာ ၃၆၇ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
ငဖဲ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ဧက ၃၆၇ စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများအောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် ကျေးရွာအုပ်စုအုပ်စုများမှ တောင်သူများ၏ယာမြေများ၌ အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ-၂ မျိုးနှင့် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်း ကောင်းမွန်သည့် ရေဆင်းစပ်မျိုး-၁ မျိုးများကို ၄၆၀ ဧက စိုက်ပျိုးရန်လျာထားရာ ယနေ့ထိ ဆင်းရွှေကြာ (၂) ၃၂၂ ဧကနှင့် ရေဆင်းစပ်မျိုး(၁) ၄၅ ဧက စုစုပေါင်း ၃၆၇ ဧကကို ဒေသတွင်းစားသုံးဆီဖူလုံစေရေး အတွက် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း နှင့် ယခင်နှစ်က မိုးသီးနှံနေကြာ ၄၆၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ( ၁၉.၁၂ ) တင်း ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများစိုက်ပျိုးထားသည့် မိုးနေကြာ အပင်ကြီးထွားဖြစ် ထွန်းရေး၊ အပွင့်အရွယ်အစားကြီးမားစေရေး၊ အစေ့အဆံအောင်မြင်စေရေးတို့အတွက် လိုအပ်သော သွင်းအားစုများ စနစ်တကျ ထည့်သွင်းပေးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များ ၊ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် စနစ်တကျရိတ်သိမ်းနည်းတို့ကို မြို့နယ်ဦးစီးမှူးဦးမြင့်သိန်း နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် သိရသည်။
စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီဖူလုံစေရုံသာမက ပိုလျှံမှုကို တခြားဒေသဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဝယ်လိုအားမျှတလာပါက ဆီဈေးနှုန်းများ တည်ငြိမ်၍ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက် လာမည်ဖြစ်သဖြင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေးဒေသမရွေး ကြိုးပမ်းကြရမည် ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)

No comments