တရုတ်နိုင်ငံ၌ ကျင်းပသောပြိုင်ပွဲတွင် လူသားပုံစံစက်ရုပ်များ မီတာ ၁၀၀ ကို ၉ စက္ကန့်အောက်ဖြင့် ပြေးနိုင်



ဩဂုတ် ၂၇

တရုတ်နိုင်ငံ၌ ကျင်းပသောပြိုင်ပွဲတစ်ခုတွင် လူသားပုံစံစက်ရုပ်များသည် လူသားစံချိန်ထက် ကိုး စက္ကန့်အောက်ဖြင့် မီတာ ၁၀၀ ကို ပြေးနိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့လူသားပုံစံ စက်ရုပ်ပြိုင်ပွဲများကို ဘေဂျင်းတွင် ဩဂုတ်လ ၂၆ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ စက်ရုပ် ၂၀၀၀ ကျော် (ယခင်နှစ်ကထက် လေးဆပိုများ) ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

ထိုပြိုင်ပွဲများတွင် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ဘောလုံး၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှုအပါအဝင် ပြိုင်ပွဲ ၅၁ ခု ပါဝင်ကြောင်း ဖော်ပြထားသည်။

မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံထုတ် စက်ရုပ်တစ်ရုပ်က ၈ ဒသမ ၆၄ စက္ကန့်ဖြင့် ပထမရရှိခဲ့ပြီး အခြားပြိုင်ပွဲဝင် စက်ရုပ် လေးရုပ်လည်း ၉ စက္ကန့်အောက်အချိန်ဖြင့် ပြိုင်ပွဲကို ပြီးဆုံးခဲ့ကြောင်းနှင့် လူသားကမ္ဘာ့စံချိန်ဖြစ်သော အူစိန်ဘော့လ် (Usain Bolt) ၏ ၉ ဒသမ ၅၈ စက္ကန့် စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နှစ်က ဘောလုံးပြိုင်ပွဲတွင် စက်ရုပ်ပေါင်းများစွာသည် ဘောလုံးအနားတွင် ဝိုင်းစုကာ လဲကျခဲ့ကြသော်လည်း ယခုနှစ်ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံထုတ်စက်ရုပ်သည် ပင်နယ်တီဧရိယာအပြင်ဘက်မှ ဘောလုံးကိုကန်သွင်းကာ ဂိုးရရှိခဲ့ပြီး တရုတ်အသင်းသည် အီတလီအသင်းကို ဆယ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အသက် ၃၀ ကျော်အရွယ် ပရိသတ်တစ်ဦးက သူ အလွန်စိတ်လှုပ်ရှားမိကြောင်းနှင့် သိပ္ပံနှင့်နည်းပညာတွင် တိုးတက်မှု အလွန်မြန်ဆန်ကြောင်း ပြောကြားခဲ့သည်။

စက်ရုပ်နည်းပညာသည် အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အံ့အားသင့်ပြီး အထင်ကြီးမိကြောင်းနှင့် အင်ဂျင်နီယာများသည် လိုအပ်ချက်များအပေါ်အခြေခံကာ စမတ်ကျသော စက်ရုပ်များစွာကိုဖန်တီးသွားမည်ဟုလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.