ရမည်းသင်းမြို့နယ် ဘွက်ကျေးရွာ၌ ရွှေပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက မိုးဝါ ၄၅ ဧက စိုက်ပျိုးထား
နေပြည်တော် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်
ဘွက်ကျေးရွာတွင် ရွှေပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းက မိုးဝါ
၄၅ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါဝါစိုက်ခင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးပြီး မိုးဝါစိုက်တောင်သူများ၊
ရွှေပွင့်လန်း စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့်
တွေ့ဆုံကာ ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့ပြင် ငွေလှမြိုင် ဝါကြိတ်စက်၌ ရမည်းသင်းမြို့နယ်အတွင်းရှိ
ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သမဝါယမ အစုအဖွဲ့စနစ်ဖြင့်
ဝါစိုက်ပျိုးမှု၊ ဝယ်ယူကြိတ်ခွဲမှု၊ ဝါစေ့ဆီထုတ်လုပ်မှု၊ ဈေးကွက် ချိတ်ဆက်၍ ပြည်တွင်း
ပြည်ပ တင်ပို့ရောင်းချမှုဆိုင်ရာများကို ဆွေးနွေးသည်။
ထို့အတူ ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာ
မိုးဝါစိုက်တောင်သူများ၊ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ
အသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး
ရန်ပုံငွေဖြင့် ဝါတစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ
ထောက်ပံ့မှု၊ ဈေးကွက်ရရှိရေး ချိတ်ဆက်
ဆောင်ရွက်ပေးမှုနှင့် သမဝါယမအသင်းအဖွဲ့စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့်
အကျိုးရလဒ်များ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောအသုံးပြု၍ ပန်းတိုင်အထွက်နှုန်း
ရရှိရေးတို့နှင့် စပ်လျဉ်း၍ မှာကြားပြီး အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့်
ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ရွှေစင်စိုက်ပျိုးရေးနှင့်
အထွေထွေစီးပွားရေး သမဝါယမအသင်း၏ မိုးဝါဧက ၂၀၀ စိုက်ခင်းနှင့် အသင်းသားတောင်သူ ဦးကျော်ဝင်းစိန်၏
ရက်ကာ ၆ သုံးလုံး ကေတီကေ (RAKA-666-KTK) ဝါမျိုး ငါးဧကစိုက်ခင်းကို သွားရောက်ကြည့်ရှု
အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments