ပုဇွန်တောင် အထက(၄)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ ကျင်းပ

 


ပုဇွန်တောင် ဩဂုတ် ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ စာအုပ်လှူဒါန်းပွဲ၊ လူငယ်စကားဝိုင်း၊ အသိပညာပေးပြခန်းများနှင့် ကာယဉာဏ ဂိမ်းကစားနည်းပြိုင်ပွဲများကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ‌အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း ပင်လုံခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်တို့က အမှာစကားပြောကြားပြီး ပုဇွန်တောင်မြို့နယ်အတွင်းရှိ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ စာကြည့်တိုက်အတွက် သုတစာအုပ် ၂၀၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စန်းရီက လက်ခံရယူသည်။

 

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ ပြိုင်ပွဲဝင်‌ ကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ယင်းနောက် လူငယ်စကားဝိုင်းတွင် လူငယ်တွေ ဆိုရှယ်မီဒီယာကို အသုံးချတတ်မယ်ဆိုရင်၊ လူငယ်နှင့် စာဖတ်ခြင်းအလေ့အထ၊ လူငယ်နှင့်ကိုယ်ကျင့်တရား စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

 

ထို့နောက် စာရေးဆရာမ မေ(ရန်ကုန်)က ဉာဏဗလဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် စာပေဟောပြောပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များနှင့် ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတွင် ကာယဉာဏဂိမ်းကစားနည်းများ ဆောင်ရွက်၍ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်

No comments

Powered by Blogger.