ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ဧက ၁၉၀၀ ကျော် စိုက်ပျိုးပြီးစီး
ငဖဲ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်ချည်မျှင်ရှည်ဝါ ၂၂၆၂ ဧက လျာထားစိုက်ပျိုးသွားမည်ရာ ယနေ့ထိ ၁၉၀၃ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးဦးချည်မျှင်ရှည်ဝါ ဧက ၁၆၀ နှင့် မိုးနှောင်း ချည်မျှင် ရှည်ဝါ ၂၁၀၂ ဧက စုစုပေါင်း ၂၂၆၂ ဧကကို ကျေးရွာအုပ်စု ၁၅ အုပ်စုတွင် စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၁၉၀၃ ဧကစိုက်ပျိုးပြီးစီးပြီး ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့်အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့ နှင့် သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများအထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများစနစ်တကျ သုံးစွဲရေး တို့ကိုသက်ဆိုင်ရာကွင်းဝန်ထမ်းများကကွင်းဆင်းကြီးကြပ်၍ ဝါစိုက်ပျိုးနည်းပညာရပ်များကို သင်တန်းများ ပို့ချခြင်းနှင့် ကျေးရွာအရောက် ပညာပေးဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)
No comments