ကချင်ပြည်နယ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အခမ်းအနားနှင့် နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား ထောက်ပံ့
မြစ်ကြီးနား သြဂုတ် ၁၃
၂၀၂၆ ခုနှစ် ကချင်ပြည်နယ်အာဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ်များကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး၊ အသက်ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအဖြစ် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင် ဝါးနော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် (၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများနှင့် သန်ချဆေးများကို တိုက်ကျွေးပေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင် ဘီဝမ်းဆေးပြားများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ အောင်ဝင်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် လှုပ်ရှားဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် တိုက်ကျွေးမည့် အာဟာရဓာတ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြပြီး ၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
ထို့ပြင် ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇ ခန်းမ၌ လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ် ၅၀၀ ကျော်နှင့် UID များကို ကျောင်းသားကျောင်းသူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများအတွက် ချီးမြှင့် ငွေများပေးအပ်၍ One Stop Service ဖြင့် ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ထို့အပြင် ယမန်နေ့ ညနေပိုင်းကလည်း နမ္မတီးမြို့ မြို့လှ KBC ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး နမ္မတီးမြို့ပေါ်ရှိ အဆိုပါ စခန်းနှင့် RC စခန်းတို့မှ အိမ်ထောင်စုများအတွက် လိုအပ်ချက်ဖြစ်ပေါ်သည့် နေရာများတွင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး စခန်းတစ်ခုလျှင် ငွေကျပ်သိန်း ၅၀ စီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments