လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆေးဝါး၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
ပုသိမ် ဩဂုတ် ၁၂
ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ယမန်နေ့နံနက်ပိုင်းက လေးမျက်နှာမြို့နယ်အတွင်းရှိ ထူပါရုံဘုရား ရေရှောင်စခန်း၊ ချမ်းသာကြီးဘုရား ရေရှောင်စခန်း၊ ခမောက်စုအုပ်စု အသောက ရာမကျောင်း ရေရှောင်စခန်း၊ ဖိုးသာညိုရိုးကျေးရွာနှင့် ကိုးနဝင်းကျောင်း ရေရှောင်စခန်းများသို့ သွားရောက် ကြည့်ရှုကြသည်။
ထိုသို့သွားရောက်စဉ် ရေဘေးသင့်ပြည်သူများ အတွက် လိုအပ်သည့် ဆေးဝါးများ၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကြပြီး ယာယီရေဘေးရှောင်စခန်းများတွင် ခေတ္တနေထိုင် လျက်ရှိသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားသည်။
ရေဘေးအန္တရာယ်ကြောင့် အခက်အခဲကြုံတွေ့ နေရသည့် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက် များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေဘေးကာလအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်များကို ကြည့်ရှု စစ်ဆေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments