ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိလာ

 


ကင်ရှာဆာ ဩဂုတ် ၁၁


ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ အရေအတွက် ၂၀၀၀ ကျော်ရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများ၏ ဩဂုတ် ၁၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံအတွင်း အတည်ပြုကူးစက်ခံရသူ ၄၃၈၁ ဦးရှိပြီး သေဆုံးသူ ၂၀၁၁ ဦးရှိကာ လူနာ ၇၀၀ အား ဆေးရုံတွင်ကုသမှုပေးနေပြီး ပြန်လည်ကျန်းမာလာသူ ၈၆၉ ဦးရှိကြောင်း တရားဝင်အချက်အလက်များ အရ သိရသည်။


နိုင်ငံအတွင်းရှိ အိုင်တူယီ၊ မြောက်ကီဗူ၊ တောင်ကီဗူ၊ ဟော့ယူလီနှင့် ရှိုပိုဒေသများတွင် ရောဂါကူးစက်မှုများ တွေ့ရှိရပြီး အိုင်တူယီဒေသသည် ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်လာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


နိုင်ငံအတွင်း အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၀၀၀ ကျော် ရှိလာပြီး ၎င်းတို့အနက်မှ ထက်ဝက်မှာ လွန်ခဲ့သည့်ရက်များအတွင်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအီဘိုလာရောဂါ ဆိုင်ရာ တာဝန်ရှိသူ ဂျူလီယန်ဟာအတ် က ပြောကြားသည်။


ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရများ၊ အလှူရှင်များနှင့် လူမှုအသိုက်အဝန်းများအနေဖြင့် အီဘိုလာရောဂါကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း အစိုးရက မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Bundibugyo ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အီဘိုလာရောဂါအား ကုသရေးအတွက် လက်ရှိအချိန်အထိ ဆေးမရှိကြောင်းနှင့် ဆေးရရှိရန်အတွက် စမ်းသပ် ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.