ဗြိတိန်နိုင်ငံ၌ မိုးခေါင်ရေရှားမှု ကြုံတွေ့နေရ
လန်ဒန် ဩဂုတ် ၁၁
ဗြိတိန်နိုင်ငံတွင် သြဂုတ်လ၌ ပူပြင်းခြောက်သွေ့မှု စတင်ပြီးနောက် နိုင်ငံ၏ လေးပုံသုံးပုံနီးပါး သည် ယခုအချိန်တွင် မိုးခေါင်ရေရှားမှု ကြုံတွေ့နေရကြောင်း အမျိုးသားမိုးခေါင်ရေရှားအဖွဲ့က ဩဂုတ် ၁၁ ရက်တွင် သတိပေးခဲ့သည်။
နိုင်ငံ၏ ဒေသအားလုံးရှိ ရေအရင်းအမြစ်များအပေါ် ဖိအားများနှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးရေး၊ အများပြည်သူထောက်ပံ့ရေး၊ ရေကြောင်း သွားလာရေးနှင့် ပတ်ဝန်းကျင်တို့တွင် သက်ရောက် မှုများရှိလာကြောင်း ၎င်းအဖွဲ့က သတိပေးခဲ့သည်။ အရှေ့ မစ်ဒ်လန်း၊ လင်ကွန်းရှိုင်းယားနှင့် နော့သမ်တန်ရှိုင်းယား၊ ကင့်နှင့် အရှေ့ဆပ်ဆက်စ်၊ ဆိုလင့်နှင့် ဆောက်ဒေါင်းတို့သည် မိုးခေါင် ရေရှားမှုအခြေအနေသို့ ရောက်ရှိလာသည့် ဒေသများ ဖြစ်လာခဲ့ သည်။ နိုင်ငံအတွင်းရှိ လူဦးရေ ၄၅ သန်းမှ မိုးခေါင်ရေရှားဒေသများတွင် နေထိုင်နေရပြီး ၎င်းတို့ အနက်မှ ၂၇ သန်းကျော်မှာ ရေသုံးစွဲရာတွင် အကန့်အသတ်ရှိ နေသည်။
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသည် လယ်ယာစိုက်ပျိုးရေးကို အမှန်တကယ်ထိခိုက်စေပြီး ပတ်ဝန်းကျင်အပေါ် ရေရှည် သက်ရောက်မှုများ ရှိလာလိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဗြိတိန်အစိုးရသည် ၎င်း၏မိုးခေါင်မှုတုံ့ပြန်ရေးနည်းလမ်းကို မြှင့်တင်ခဲ့ပြီး လယ်ယာကဏ္ဍအား ပိုမိုပံ့ပိုးမှုပေးရန် နည်းလမ်းများကို စဉ်းစားနေကြောင်း သိရသည်။ ဗြိတိန် ရေဝန်ကြီး Emma Hardy က နွေရာသီအတွင်း စိန်ခေါ်မှုများရှိ ကြောင်းသိရှိပြီး အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုများ ခံစားနေရသည့် လယ်သမားများအတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ၏ ၇၁ ဒသမ ၃ ရာခိုင်နှုန်းသည် ယခုအခါ မိုးရွာသွန်းမှု အလွန်နည်းပါးခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်မှုဒဏ်ကို ခံစားနေရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments