ကမ္ဘာ့ဈေးကွက်တွင် အသုံးများလာသည့် ဝါးအခြေပြုထုတ်ကုန်များ



ဒေါက်တာမောင်အောင်

 

(ယမန်နေ့မှအဆက်)

 

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာ မည်ဆိုလျှင် ဝါးနှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက်တွင် လွန်ခဲ့သည့် လေး၊ ငါးနှစ်အတွင်း သိသိသာသာ တိုးတက်လာသည့်နိုင်ငံမှာ ဗီယက်နမ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း ပုံမှန်တိုးတက်မှုကိုဖော်ဆောင် နိုင်သည့်နိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် ဗီယက်နမ် အနေဖြင့် ဝါး၊ ကြိမ် အခြေခံတန်ဖိုးမြင့် လက်မှု ထုတ်ကုန်များနှင့် ပရိဘောဂများကို အမေရိကန် နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့သို့ ဈေးနှုန်း အမြင့်ဖြင့် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မျှစ်ကို အခြေပြု တန်ဖိုးမြင့်စားသောက်ကုန်များ တင်ပို့မှု အများဆုံးဖြစ်ပါသည်။

 

မည်သို့ပင်ဆိုစေကာမူ စက္ကူနှင့် ပျော့ဖတ် ကုန်စည်များသည် ပြည်တွင်းလိုအပ်ချက်ဖြစ်သောကြောင့် မိမိက မထုတ်လုပ်နိုင်လျှင် တင်သွင်းရမည်သာ ဖြစ်ပါသည်။ ယေဘုယျကျကျ စဉ်းစားလျှင် အဆိုပါ တင်သွင်းရသည့်ပမာဏ၏ တစ်စိတ် တစ်ဒေသကိုသာ ပြည်တွင်း၌ ရင်းနှီးထုတ်လုပ်မည် ဆိုလျှင် တင်သွင်းနေရသည့် နိုင်ငံ့ငွေပမာဏကို လျှော့ချနိုင်မည့်အပြင် အလုပ်အကိုင်နှင့် ကွင်းဆက် အကျိုးများပြီး ဈေးကွက်မှာလည်း သေချာပြီးသား ဖြစ်၍ ပူစရာမလိုပါ။

 

အရေးကြီးသည်မှာ ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင် ပေးမှသာ ဖြစ်နိုင်ပါသည်။ စက္ကူနှင့် ပျော့ဖတ်သွင်းကုန် အစားထိုးစက်မှုလုပ်ငန်းသာမက ကမ္ဘာ့ ဈေးကွက်တွင် ဝါးအခြေခံတန်ဖိုးမြင့်ကုန်စည်များဖြစ်သည့် ပရိဘောဂများ၊ အဆင့်မြင့်ဝါး၊ ကြိမ် စက်မှုပစ္စည်းများ၊ ဝါးပါကေးနှင့် သစ်အစားထိုး ဝါးအခြေခံကုန်စည်များ၊ ဝါးလောင်စာတောင့်များ စသဖြင့် ကမ္ဘာ့ဈေးကွက်တွင် တန်ဖိုးမြင့်သည့် ထုတ်ကုန်များ ဦးစားပေး ထုတ်လုပ်တင်ပို့ရမည့် အချိန်ဖြစ်ပါသည်။

 

ပေါများသည့် သဘာဝအရင်းအမြစ် ဝါးအခြေခံ ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုအသုံးပြု လာမှုကြောင့်လည်း အထူးဇုန်များ ဖော်ဆောင်ပြီး နိုင်ငံတော်က အားပေးမြှင့်တင်မှုများ ပိုမိုလုပ်ဆောင် မည်ဆိုလျှင် လျင်မြန်စွာ တိုးတက်လာနိုင်သည့် လုပ်ငန်းဖြစ်၍ ပြည်သူများနှင့် နိုင်ငံ၏ အကျိုးစီးပွား ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

 

ဝါးအခြေပြုထုတ်ကုန်များ၏ ကုန်သွယ်မှုအခြေအနေကိုကြည့်လျှင် ပြီးခဲ့သည့်နှစ်များတွင် အများဆုံး တင်ပို့သူမှာ တရုတ်နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဗီယက်နမ်၊ အိန္ဒိယ၊ နယ်သာလန်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ တင်သွင်းသူများတွင် အမေရိကန်ုနိုင်ငံက အများဆုံးဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ ဒေါ်လာသန်း ၁၃၀ ကျော်ဝယ်ယူလေ့ရှိရာ စုစုပေါင်း သွင်းကုန်တန်ဖိုး၏ ၂၃ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယင်း၏ နောက်တွင် ကနေဒါ၊ ဗြိတိန်၊ အီတလီ၊ တောင်ကိုရီးယား စသည်တို့ဖြစ်ပါသည်။

 

ဝါးထုတ်ကုန်များအနက် ကမ္ဘာ့ဈေးကွက်တွင် အဝယ်အများဆုံးမှာ ဆောက်လုပ်ရေးသုံးပစ္စည်းများက အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ပရိဘောဂများနှင့် ကြမ်းခင်းဝါးထုတ်ကုန်များ၏ ဝယ်လိုအား တိုးတက်မှုမှာလည်း နှစ်စဉ် ၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်၍ တိုးတက်မှုနှုန်းအများဆုံးဖြစ်ပါသည်။ ဈေးကွက်ကြီးများအနက် အမေရိကန်နိုင်ငံ ပါဝင်သည့် မြောက်အမေရိကဈေးကွက်၏ တိုးတက်မှု အလားအလာကောင်းများရှိနေဆဲဖြစ်ပြီး အမေရိကန် နိုင်ငံအနေဖြင့် ဈေးကွက်တွင်လည်း အဓိက ဈေးကွက်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။

 

ဥရောပဈေးကွက်တိုးတက်မှုနှုန်းမှာ (CAGR ၅ ဒသမ ၂ ရာခိုင်နှုန်း) ဖြစ်၍ မြင့်သည့်တိုးတက်မှု နှုန်းပင်ဖြစ်ပါသည်။ တောင်အမေရိကဈေးကွက် တိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းဖြစ်၍ တိုးတက် မှု‌နှေးကွေးနေသေးပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဈေးကွက်များအနေဖြင့် ဝါးအခြေပြု ထုတ်ကုန်များကို ပြည်ပမှသာ တင်သွင်းအသုံးပြုနေရသောကြောင့် လာမည့်နှစ်များတွင်လည်း သစ်အစားထိုးကုန်စည်များ ပိုမိုတင်သွင်းအသုံးပြု လာနိုင်ကြောင်း တွက်ချက်ဖော်ပြကြပါသည်။

 

ကမ္ဘာ့ဝါးထုတ်ကုန်များ၏ အသုံးဝင်မှု၊ အသုံးပြုမှုပုံစံ ပိုမိုများလာသည့်အပြင် ဝါးထုတ်ကုန်များကို ယခင် အစဉ်အလာ တန်ဖိုးမြင့်ထုတ်ကုန်များမှ ယခုအခါ အရည်အသွေးမြင့် တန်ဖိုးမြင့်စက်မှု အင်ဂျင်နီယာ နည်းလမ်းသစ်များကြောင့်လည်း ဝါးထုတ်ကုန်များ ယခင်ကထက်အသုံးပြုမှု ပိုမို ကျယ်ပြန့်လာမည်ဖြစ်သလို တန်ဖိုးပါ သိသာစွာ မြင့်တက်လာမည်ဖြစ်ပါသည်။

 

မြန်မာ့ဝါးထုတ်ကုန်ထုတ်လုပ်မှုနှင့်အလားအလာ

မြန်မာနိုင်ငံ၌ ဝါးတောများကို နိုင်ငံအနှံ့တွေ့ရကာ ပဲခူးရိုးမ၊ တနင်္သာရီ၊ ရခိုင်ဒေသတို့တွင် အများဆုံး တွေ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မွန်နှင့် ကရင် ပြည်နယ်တို့တွင်လည်း တွေ့ရကာ ဝါးအမျိုးပေါင်း ၁၀၀ ကျော်ရှိပါသည်။

 

များသောအားဖြင့် သဘာဝအရပေါက်သည့် ဝါးပင်တောများဖြစ်ပြီး နောက်ပိုင်းတွင်မူ ဝါးစိုက်ခင်းများ ကို စနစ်တကျစိုက်ပျိုးလာမှုများ တွေ့ရပါသည်။ အထူးသဖြင့် အကြီးမြန်သောဝါးမျိုးများကို ရွေးချယ် စိုက်ပျိုးမှုများ ရှိလာပြီဖြစ်ပါသည်။ လက်တွေ့တွင်မူ ဝါးအခြေပြုထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်း၌သာ အများဆုံးအသုံးပြုကာ ပြည်ပတင်ပို့မှုကိုမူ အနည်းငယ်သာ လုပ်ဆောင် နိုင်သေး ပါသည်။

ဆိုလိုသည်မှာ ဝါးထုတ်ကုန်များနှင့်ပတ်သက်၍ ရှိသည့်အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင်များစွာ နိမ့်ကျနေသေးကာ ဝါးထုတ်ကုန်ပို့ကုန်များအနေဖြင့် ဝါးလက်မှုပစ္စည်းများ၊ ဝါးအလုံးလိုက်၊ ဝါးဖျာ၊ ဝါးလောင်စာတောင့်နှင့် စားသောက်ကုန်အဖြစ် မျှစ်အစိုနှင့် အခြောက်တင်ပို့မှုသာ လုပ်နိုင်သေးပြီး တန်ဖိုးအားဖြင့် နိမ့်ကျပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၂၆၅၀ ခန့် ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၇ သန်းသာရှိသည့်အတွက် များစွာ နည်းပါးပါသည်။ အဓိကတင်ပို့သည့် ဈေးကွက်မှာ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်၊ ထိုင်း၊ ဥရောပနိုင်ငံများ၊ ရုရှား စသည်တို့ကို တင်ပို့ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် ဝါးအခြေပြုထုတ်ကုန် အမျိုးမျိုးကိုထုတ်လုပ်နိုင်သော်လည်း အများစုမှာ သမားရိုးကျ နည်းပညာဖြင့် ထုတ်လုပ်၍ ပြည်တွင်းတွင်သာ အဓိကသုံးစွဲနေပြီး ဝါးအခြေပြု ထုတ်ကုန်များစွာ နည်းပါးပါသည်။ ထို့ပြင် ဝါးကိုအခြေပြုသည့် စက်မှုထုတ်ကုန်ဖြစ်သော စက္ကူနှင့် ပျော့ဖတ်ထုတ်လုပ်မှု အားနည်းနေသေးပြီး အများစုကို တန်ဖိုးကြီးစွာ ပြည်ပမှတင်သွင်းနေရဆဲ ဖြစ်ပါသည်။

 

အနာဂတ် ကမ္ဘာ့ဈေးကွက်အလားအလာမှာလည်း တန်ဖိုးမြင့် ဝါးအခြေပြု စက်မှုထုတ်ကုန်များ ပိုမိုထွန်းကား လာတော့မည်ဖြစ်၍ မြန်မာအနေဖြင့် လက်ရှိမိရိုးဖလာထုတ်လုပ်မှုပုံစံမှ ကမ္ဘာ့ ဈေးကွက်မှ တောင်းဆိုသည့် တန်ဖိုးမြင့်ထုတ်ကုန်များပြောင်းလဲနိုင်ရန် အထူးကြိုးစားသင့်သည့်အချိန် ဖြစ်ရာ ကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သည့်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP)ဖြင့် လုပ်ဆောင်သင့်ပါသည်။ ပေါများသည့်ဝါးပင်များ အခြေပြုထုတ်ကုန်များ သိသိသာသာ တိုးတက် လာစေရေးအတွက် နိုင်ငံတော်က တွန်းအားများ၊ ဆွဲဆောင်မှုများ၊ မက်လုံးများပါဝင်သည့် စီမံချက်များ ချမှတ်ဆောင်ရွက်လျှင် အချိန်တိုအတွင်း သိသာသော တိုးတက်မှုများ ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

 

ရည်ညွှန်း

-CEEW :  Bamboo Based Products

 https://www.ceew.in> sites>default> files>...

-FAO :  Bamboo Products and Trade

 https://www.fao.org>...

-Forest Department :  Investigation in physical and mechanical properties of …

 https://www.forest depart ment.gov.mm

-Fortune Business Insight : Bamboo market- 102314, 2026

 https://www.fortune businessinsight.com

-Green View Research : Bamboo; Market Size, Share and Growth Report, 2026-2033

 https://www.green viewresearch.com> industry...

-MDFI :  Bamboo for future : From Traditional use to Industry 5.0

 https://www.mdfi.com>...

-MRBEA :  Myanmar Ratan and Bamboo Enterprises Association

 https://burmacrafts.org

-World Bank Group :  12 exports by country-2015

 https://www.world bank.org > partner> WLD>product

No comments

Powered by Blogger.