တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ



ထားဝယ် ဩဂုတ် ၂၈

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့် တွေ့ဆုံစဉ် မှာကြားသည်။


အဆိုပါ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် လွှတ်တော်လမ်းကြောင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။


ထို့ပြင် မွန်၊ ကရင်၊ ထားဝယ်နှင့် မော်ကယ် (ဆလုံ) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တိုင်းဒေသကြီးတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက တိုင်းရင်းသား ဘာသာစာပေသင် ဆရာ ဆရာမများ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖော်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းရင်းသား ရေးရာကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ခရိုင်ရုံးခွဲများ ဖွင့်လှစ်ပေးနိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် တိုင်းရင်းသားလုပ်ငန်းရှင်များအခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်အတွက် အားပေးကူညီ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.