မန္တလေး-နေပြည်တော် ရထားလမ်းပိုင်းရှိ တံတားအမှတ်(၆၉၁) စမုံတံတားသစ်တည်ဆောက်နေမှု ၆၅ ရာခိုင်နှုန်းပြီးစီး

 



နေပြည်တော် ဩဂုတ် ၃၀


မန္တလေး-နေပြည်တော် ရထားလမ်းပိုင်းရှိ စမုံဘူတာနှင့် သဲတောဘူတာကြားရှိ တံတားအမှတ်(၆၉၁) စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ပျက်စီးခဲ့သဖြင့် အရှည် ၃၆၄ ဒသမ ၁၇ ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်လျက် ရှိရာ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့်နှစ် မတ်လကုန်တွင် တံတားနှင့်ချဉ်းကပ် ရထားလမ်းများ အားလုံးပြီးစီးကာ အစုန်၊ အဆန်ရထားများ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ စမုံချောင်းတံတားအသစ် တည်ဆောက်နေမှုနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်တို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ချဉ်းကပ်ရထားလမ်းများအား တံတားနှင့်တစ်ပြိုင်တည်း ပြီးစီးရေးဆောင်ရွက်ရန်၊ ချောင်းကမ်းပါးနံရံများ ပြိုကျပိတ်ဆို့မှုမရှိစေရေး မြေထိန်းနံရံများ ဆက်လက်ဆောင်ရွက်ရန်၊ ရေလမ်းကြောင်း ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။


အလားတူ ယနေ့တွင် မြန်မာ့မီးရထားလူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ရောက်ရှိပြီး စက်ရုံ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရထားပို့ဆောင်ရေးလုပ်ငန်းသည် Public Tran-sportation အတွက် အရေးပါသည့် လုပ်ငန်းဖြစ်ကြောင်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုအတွက် အခြေခံကျသည့် လူစီးတွဲနှင့်ကုန်တွဲများ တည်ဆောက်ပြုပြင်မှုကို အဓိကဆောင်ရွက်ရသော စက်ရုံတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဂုဏ်ယူတတ်စေရန် လိုအပ်ကြောင်း ပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်၍ စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


 သတင်းစဉ်

No comments

Powered by Blogger.