စက္ခုတစ်ထောင်၊ လူတစ်ထောင် အလင်းဆောင်မည့် မျက်စိခွဲစိတ်အလှူ အစီအစဉ်ဖြင့် မျက်စိလူနာ ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးထား
ရန်ကုန် ဩဂုတ် ၃၀
“စက္ခုတစ်ထောင်၊ လူတစ်ထောင် အလင်းဆောင်မည့်”ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မျက်စိခွဲစိတ် အလှူအစီအစဉ်တွင် မျက်စိလူနာ ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောသည်။
အဆိုပါ မျက်စိခွဲစိတ်အလှူအစီအစဉ်ကို မျက်စိအတွင်းတိမ်နှင့် မျက်သားခြစ်ကဲ့သို့သော မျက်စိရောဂါများကြောင့် အမြင်အာရုံထိခိုက်နေသူများ ခွဲစိတ်ကုသမှုရရှိစေရန်နှင့် အမြင်အာရုံ ပြန်လည်ရရှိစေရန် ရည်ရွယ်၍ အများပြည်သူ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယင်းအစီအစဉ်အရ ပျဉ်းမနားသံဃာ့ဆေးရုံ၊ မြောင်းမြဆေးရုံနှင့် မန္တလေးမြို့ရှိ မြစ်ငယ်မီးရထား ဆေးရုံတို့တွင် မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ယခုအချိန်အထိ မျက်စိလူနာ ၅၀၀ ကျော်အား ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီဟု သိရသည်။
ထို့အပြင် မန္တလေးမြို့ရှိ မြစ်ငယ်မီးရထားဆေးရုံကြီးတွင်လည်း မျက်စိခွဲစိတ်ကုသမှုများ ဆက်လက်ပြု လုပ်ပေးခဲ့ရာ ဩဂုတ် ၁၅ ရက်တွင် မျက်စိအတွင်းတိမ်လူနာ ၁၂ ဦးနှင့် မျက်သားခြစ်လူနာ နှစ်ဦး၊ စုစုပေါင်း ၁၄ ဦးကိုလည်းကောင်း၊ ဩဂုတ် ၂၂ ရက်တွင် မျက်စိအတွင်းတိမ်လူနာ ၁၆ ဦးနှင့် မျက်သားခြစ်လူနာ လေးဦး စုစုပေါင်းလူနာ ၂၀ ကို ထပ်မံခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ယင်းသို့ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မြစ်ငယ်မီးရထားဆေးရုံကြီး တွင် ယနေ့အထိ မျက်စိအတွင်းတိမ်လူနာ ၁၀၅ ဦးနှင့် မျက်သားခြစ်လူနာ ၁၁ ဦး စုစုပေါင်း လူနာ ၁၁၆ ဦးကို ခွဲစိတ်ကုသပေးထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မျက်စိခွဲစိတ်အလှူအစီအစဉ်တွင် အလှူရှင်များအနေဖြင့် မျက်စိတစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် မိမိကိုယ်တိုင် ငွေကျပ် နှစ်သိန်း ထည့်ဝင်လှူဒါန်း၍ မျက်စိခွဲစိတ် ကုသမှုခံယူလိုသူများအနေဖြင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
MT

No comments