တတိယအကြိမ် အိပ်ရာပြင်ဆင်ခြင်းပြိုင်ပွဲ ကျင်းပ
ရန်ကုန် ဩဂုတ် ၃၀
အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့်ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှု စီမံခန့်ခွဲရေးသင်တန်းကျောင်း၏ တတိယအကြိမ်မြောက် အိပ်ရာပြင်ဆင်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Novotel Hotel ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် IFS Academic Manager ဆရာ ဦးအောင်သူက နှုတ်ခွန်းဆက်စကားနှင့် ပြိုင်ပွဲပြုလုပ်ရခြင်းကို လည်းကောင်း၊ ဆရာမ ဒေါ်ချောစုအောင်က ပြိုင်ပွဲအကဲဖြတ် ဆရာ ဆရာမများ အမည်စာရင်းနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အိပ်ရာပြင်ဆင်ခြင်းပြိုင်ပွဲကို ကျင်းပရာ အိပ်ရာခုတင် တစ်ခုလျှင် ကျောင်းသားတစ်ဦးနှုန်းဖြင့် ကျောင်းသားနှစ်ဦးစီ ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး အိပ်ရာပြင်ဆင်ခြင်းကို ကျောင်းသား ကျောင်းသူ လေးဦးက ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် သင်တန်းကျောင်းမှ Housekeeping ဘာသာရပ်ပိုင်း ဆရာ ဦးကျော်မိုးနိုင်နှင့် ဆရာမ ဆရာများက အဆိုပါကျောင်းမှ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ အိပ်ရာပြင်ဆင်ခြင်းပြိုင်ပွဲမှ ဆုရ ကျောင်းသား ကျောင်းသူ လေးဦးနှင့် ကျောင်းသား ကျောင်းသူတို့အား ဆုများနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့်ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှု စီမံခန့်ခွဲရေးသင်တန်းကျောင်းကို ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာ၌ ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီ Housekeeping နှင့် Bed Making ပိုင်းတွင် ထူးချွန်သော ကျောင်းသားများကို ဖော်ထုတ်၍ အနာဂတ် Hotel Industry အတွက် အရည်အချင်းပြည့်ဝသော လူငယ်များ ဖြစ်လာစေရန်၊ လူငယ်များ မိမိဝါသနာပါရာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် နိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးတွင် ဟန်ချက်ညီစွာ လိုက်ပါဆောင် ရွက်နိုင်ရန် နိုင်ငံတကာဟိုတယ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်ပေါင်တန်းလုပ်ဆောင်နိုင်ရန်၊ Bed Making နည်းစနစ်များကို လက်တွေ့ ပြုလုပ်ခြင်းမှတစ်ဆင့် ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်အဆင့်အတန်း တိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဥသာ၊ ဓာတ်ပုံ - ကိုလွင်
.jpg)
No comments