ကျိုင်းတုံမြို့၌  အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသ


နေပြည်တော် ဩဂုတ် ၉


ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်/မန္တလေး/နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများသည် ခရိုင်/မြို့နယ် များသို့ အထူးကုဆေးကုသရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀)နှင့် (ခုတင် - ၅၅၀)ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံကြီး၌ အဆိုပါဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကုသမှုပေးရာတွင် အထွေထွေရောဂါလူနာ ၂၂၇ ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ ၁၅၀၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၈၅ ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ ၄၇ ဦး၊ ဦးနှောက်နှင့်အာရုံ ကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၅၁ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၄၄ ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါလူနာ ၇၄ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုလူနာ ၁၀၈ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ ၃၇ ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာ လူနာ ၂၂၄ ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြော ရောဂါဆိုင်ရာလူနာ ၃၃ ဦး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ဆိုင်ရာ လူနာ ၁၁၂ ဦး၊ အခြား ရောဂါလူနာ ၆၇ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၂၅၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။


ထို့ပြင် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း ၁၀၉ ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းမှန်ပြောင်း ကြည့်ရှုကုသခြင်း ခြောက်ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း ၁၆ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါ ရှာဖွေခြင်း ၁၂၈ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု ၃၁၇ ခု၊ တယ်လီဗေးရှင်း ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၀၈ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေး ခြင်း (ECG) ၃၀၈ ဦး၊ ကျောက်ကပ် သန့်စင်ခြင်း ဆောင်ရွက်နိုင်ရန် လည်ပင်း ပင်မသွေးကြောအတွင်း ပိုက်လိုင်း ထည့်သွင်းခြင်း တစ်ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆီးချိုနှင့် သွေးတိုးရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုကိုလည်း ဆောင်ရွက် ခဲ့သည်။


လာရောက်ပြသသော လူနာများတွင် ကျိုင်းတုံမြို့နယ်သာမက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ၊ “ဝ”အထူးဒေသ၊ မိုင်းလား အထူးဒေသတို့မှ ပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုဆက်လက်ဆောင်ရွက် ရန်လိုအပ်သော လူနာ ၁၆ ဦးကို သက်ဆိုင်ရာဆေးရုံကြီးများ သို့ လွှဲပြောင်းကုသပေးနိုင်ခဲ့သည်။


ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၏ အဖွဲ့ဝင်များဖြစ်ကြသော ဦးသန့်ဇင်ထွန်းနှင့် ဦးအောင်မြတ်သာ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့ သည် ဩဂုတ် ၈ ရက်တွင် ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီး၌ လာရောက် ပြသကုသမှုခံယူကြသော လူနာများကို အားပေးစကားပြောကြားကာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ဆေးကုသမှုများကို ကြည့်ရှုအားပေးပြီး ကျိုင်းတုံပြည်သူ့ ဆေးရုံကြီး ဆေးပဒေသာပင် အတွက် အလှူငွေနှင့် လူနာများအား ထောက်ပံ့ငွေများ  ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.