မြစ်မခမြစ်ရေ မြင့်တက်မှုနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၄ ကျောင်း ယာယီပိတ်ထားရ
ကြို့ပင်ကောက် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အနောက်ဘက်ခြမ်းရှိမြစ်မခ မြစ်ရေ မြင့်တက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဩဂုတ်လ ၁၇ ရက်နေ့အထိ အခြေခံပညာကျောင်း ၄ ကျောင်း ယာယီပိတ်ထားရကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အခြေခံပညာကျောင်း ၄ ကျောင်း ပိတ်ထားရခြင်းကြောင့် ကျောင်းသားကျောင်းသူ ၈၀ ဦး ပညာသင်ကြားခြင်း အခက်အခဲဖြစ်ပေါ်နေကြောင်း ကျောင်းသားကျောင်းသူများ၏ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ရေဝင်ရောက်လျက်ရှိသောကျောင်းများ ယာယီပိတ်ထားရကြာင်း ရေပြန်လည်ကျဆင်းသွားပါကအဆိုပါ ကျောင်းပိတ်ရက်များအား ဥပုသ်နေ့ နှင့်တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဩဂုတ်လ ၁၄ ရက်နေ့မှစ၍ မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် မူလတန်းလွန်(ထန်းကုန်း) နှင့် အမက(ခွဲ) ညောင်တန်း ကျောင်းတို့ ပိတ်ထားခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့တွင် မူလတန်းလွန်(မင်းအို) ဩဂုတ်လ ၁၇ ရက်နေ့တွင် အလက(ခွဲ) ဘိသလွန်စစ်ကုန်း စုစုပေါင်းအ ခြေခံပညာကျောင်း ၄ ကျောင်းတို့အား ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဇေယျာထွန်း ( ကြို့ပင်ကောက်)

No comments