ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ




နေပြည်တော် ဩဂုတ် ၂၅


ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်း ကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၆) မှ (၁၁/၆ + ၃၀၀) နေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ယနေ့နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မြစ်ကမ်းပါးရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာကိုယ်ထည် တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် နေရာ၏ အနောက်ဘက် ပေ ၂၀၀ ခန့် အကွာတွင် အလျားပေ ၇၀၀ ပေ၊ အမြင့် ၁၀ ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်း များကို စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခြင်း၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ခြင်း၊ တာထောက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြစ်ကမ်းပါး ရေတိုက်စားမှုဖြစ်ပွားသည့်နေရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကလည်း ဩဂုတ် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် နိုင်လွန်ပိုက်နှင့် ရေရှိန်သတ် နုန်းဖမ်းခြင်းလုပ်ငန်းလေးခုကို ဆောင်ရွက်ခဲ့သော်လည်း ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်စဉ် ဖြစ်ပွားသည့်နေရာ အနီးရှိ ချောင်းကြီး၊ ဂန်ချောင်း၊ မာယူနှင့် ထုံးဝ စသည့် ကျေးရွာများကိုလည်း ရေဘေးလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး အကြောင်းကြားထားပြီး တာပတ်ခြင်းလုပ်ငန်း ဆောင်ရွက် သည့်နေရာအနီးရှိ လူနေအိမ်များကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.