ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့်ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး



ပြည် ဩဂုတ် ၂၄

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့်ကူးပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စက်သုံးဆီ လျှော့ချသုံးစွဲနိုင်ရန် ပြည်မြို့ ရွှေဝါထွန်းလယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းမှ ဆိုလာအားသွင်းစနစ် သုံးထွန်ယက်ထုတ်လုပ် စမ်းသပ်မောင်းနှင်မှုကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ကြည့်ရှုအားပေးပြီး မြေအမျိုးအစားမရွေး အချိန်ကြာမြင့်စွာ ထွန်ယက်အသုံးပြုနိုင်ရေးနှင့် အစေ့ချစနစ်ပါ တီထွင်ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၌ စားဖိုဆောင်သီးနှံ တစ်အုပ်တစ်မစိုက်ခင်း ဧက ၃၀၀ စိုက်ပျိုးထားရှိမှုနှင့် နဝဒေးစက်မှုဇုန်ရှိ “သာလွန်ကောင်း” သဘာဝမြေဩဇာထုတ်လုပ်ရေး အလုပ်ရုံတို့ကို ကြည့်ရှုအားပေးသည်။

 

ထို့ပြင် ပြည်မြို့တွင်း လမ်းမိုင် (၂/၄-၂/၅) အတွင်း လမ်းတာပေါင် ပြိုကျပျက်စီးမှုအပေါ် ယာယီမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံပြိုကျမှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အန္တရာယ်ရှိ လမ်းညွှန်အမှတ်အသားများ၊ အသိပေးရောင်ပြန်များ ထားရှိရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင်ရန် မှာကြားသည်။

 

အလားတူ ပြည်မြို့နယ် ကြို့ရသာကျေးရွာ၌ “A One” လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေး အလုပ်ရုံ၌ Mobile ပဲအမျိုးမျိုး ခြွေလှေ့စက်နှင့် ပဲရိတ်သိမ်းစက်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများ တစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်သည့် ဘက်စုံသုံးစက်ကိရိယာများ ဆက်လက်ထုတ်လုပ်ရန်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မှာယူထားသည့် လယ်ယာသုံးစက်ကိရိယာများ အချိန်မီထုတ်လုပ်ပေးနိုင်ရေး ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.