တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ဆက်လက်ကျင်းပ

 


မုံရွာ ဩဂုတ် ၂၄

 

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လွှတ်တော်အဆောက်အအုံရှိ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဘုတလင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်မင်းကျော်သူက “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသား အကျိုးစီးပွားရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတကြီး၏ ပြည်ပချစ်ကြည်ရေးခရီးစဉ်များနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအား အပြည့်အဝထောက်ခံကြောင်း အဆိုတင်သွင်းရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

 

ယင်းနောက် ဘုတလင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်မင်းကျော်သူက တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်းငါးခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးများက ဖြေကြားကြသည်။

 

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဩဂုတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.