စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
မုံရွာ ဩဂုတ် ၁၁
စစ်ကိုင်းမြို့နယ်ရှိ ရေဝင်ရောက်ခဲ့သည့်
ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပွဲကို
ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တိုင်းဒေသကြီးဝန်ကြီးများက ရေဝင်ရောက်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ၊ တလိုင်းကျွန်းကျေးရွာနှင့်
ညောင်ပင်သာကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
မိုးရေများ ပြန်လည်ကျဆင်းပြီးပါက စာသင်ကျောင်းများသန့်ရှင်းရေး၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ စားသောက်ရေးများ
အခက်အခဲမရှိစေရေးနှင့် ကုန်စည်များစီးဆင်းမှုကောင်းမွန်စေရေး၊ ခရီးသွားလာမှုများ အဆင်ပြေစေရေးတို့အတွက်
တာဝန်ရှိသူများက အလေးထားကာ ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း
မိမိရပ်ကွက်၊ ကျေးရွာများအတွင်း ရေနစ်မြုပ်မှုကြောင့် အန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးလိုအပ်မှုများရှိပါက
ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း
တိုက်တွန်းပြောကြားသည်။
နံနက်ပိုင်းကလည်း မူးမြစ်ရေလျှံပြီး
ရေဝင်ရောက်ခဲ့သည့် မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာ ကားလမ်းရေကျော်နေမှုအခြေအနေများ၊
လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊
ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ ကားလမ်းမကြီးတစ်လျှောက်
ကားများလမ်းကြောင်းမှန် မောင်းနှင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုကြပြီး ညောင်ပင်ဝန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ
ကျေးရွာများမှ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ ဒေသခံပြည်သူများအား
ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာဝန်းကျင်ရှိ
ကားလမ်းမကြီးတစ်လျှောက် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ
ဖြတ်သန်း သွားလာနိုင်ရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်စီမံဆောင်ရွက်သွားကြရန်၊ မူးမြစ်ရေ
ဝင်ရောက်သည့်ကာလအတွင်း ဒေသခံပြည်သူများအတွက် စားဝတ်နေရေးကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးလုပ်ငန်းများအား
ဌာနဆိုင်ရာများမှ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း
လိုအပ်သည့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
တာဝန်ရှိသူများအား မှာကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments