ဘာသာ၊ သာသနာ၊ စာပေ အဓွန့်ရှည်ရန်ထိန်းသိမ်း(မြန်မာ့အလင်း)
ဗုဒ္ဓမြတ်စွာသာသနာ
အရှည်တည်တံ့စေရန်နှင့် ဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရားတော်များ
မပျောက်မပျက်စေရန်၊ သန့်ရှင်းစင်ကြယ်စွာ တည်တံ့စေရန်အတွက် ရဟန်းတော်များစုပေါင်း၍
ဘုရားဟော ပါဠိပိဋကတ်တော်များကို နှုတ်ဖြင့်ရွတ်ဆိုအတည်ပြုကြခြင်းကို
သင်္ဂါယနာတင်ခြင်းဟု ခေါ်ဆိုသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်
ထေရဝါဒဗုဒ္ဓဘာသာတွင် သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့ရာ ပဉ္စမမြောက်နှင့်ဆဋ္ဌမမြောက်
နောက်ဆုံး နှစ်ကြိမ်သည် မြန်မာနိုင်ငံတွင် တင်ခဲ့ခြင်းဖြစ်သည်။
ဆဋ္ဌသင်္ဂါယနာကို
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ခုနစ်နှစ် အကြာ သာသနာတော်နှစ် ၂၄၉၈ ခုနှစ်၊
မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ခရစ်နှစ် ၁၉၅၄ ခုနှစ်၊ မေလ ၁၇ ရက်တွင်
ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပခဲ့သည်။
ဆဋ္ဌသင်္ဂါ ယနာတင်ပွဲ ကျင်းပရာတွင် (၁) မြတ်စွာဘုရားဟောကြားတော်မူအပ်သော
နိကာယ်ငါးရပ်ကို အထပ်ထပ်အဆင့်ဆင့်ရေးကူးကြရာ၌ သတိချွတ်ယွင်းရေးမှားမိ
ခြင်းဟုဆိုအပ်သော ပမာဒလေခ ပါဠိပျက်များကို အထူးသန့်ရှင်း စင်ကြယ်စေလိုခြင်း၊ (၂)
ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်ပြီးလျှင် ဆဋ္ဌသင်္ဂါယနာတင်၍
ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့စေခြင်းအားဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်စေလိုခြင်း၊
(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံ အားလုံးတို့က
သာသနာတော်ကို စုပေါင်းအားပေးချီးမြှောက်လိုခြင်းဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့်
ဆောင်ရွက်ခြင်းဖြစ်သည်။
ဆဋ္ဌသင်္ဂါယနာတင်
မဟာဓမ္မသဘင်ကြီးကို တာဝန်ယူကျင်းပရသည့် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့သည်
ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံများဖြစ်သော မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ထိုင်း၊
ကမ္ဘောဒီးယား၊ လာအိုတို့ရှိ ပိဋကတ်တော်များကို စိစစ်သုတ်သင်
တည်းဖြတ်ရေးအဖွဲ့များဖွဲ့စည်းကာ သန့်ရှင်း စင်ကြယ်သော ပိဋကတ်တော်များရရှိရေး
ဆောင်ရွက်ခဲ့သည်။ ယင်းသို့ရရှိထားခြင်းကြောင့် ဆဋ္ဌသင်္ဂါယနာ တင်နိုင်ရန်
ပါဠိတော်များကို သုတ်သင်တည်းဖြတ်ရာတွင် နိုင်ငံစုံမှမူအမျိုးမျိုးတို့ကို
နှိုင်းယှဉ်လေ့လာသုံးသပ်ဆုံးဖြတ် နိုင်ခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင်မူ
ပါဠိတော်ကျမ်းစာအုပ်များ၏ အောက်ခြေတွင်လည်း ‘‘နာနာပါဌ’’ (Different
Version) များ ထည့်သွင်းဖော်ပြနိုင်ခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့
ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော်အပါး ၂၅၀၀ ပါဝင်တက်ရောက် တော်မူခဲ့ကြပြီး
ထေရဝါဒ ဗုဒ္ဓဘာသာငါးနိုင်ငံမှ သံဃာ့မထေရ်မြတ်ကြီးများဦးစီး၍ ဗုဒ္ဓ ဒေသနာတော်
ပိဋကတ် ကျမ်းစာအုပ်ရေ ၄ဝ ကို သန္နိပါတ ငါးကြိမ် ဖွဲ့၍ စိစစ်ရွတ်ဆို သင်္ဂါယနာ တင်တော်မူခြင်း
ဖြစ်သည်။ နှစ်နှစ်တိုင်တိုင် ကျင်းပခဲ့ရသည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးသည်
သာသနာတော်နှစ် ၂၅၀၀၊ မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန် လပြည့်နေ့၊ ခရစ်နှစ် ၁၉၅၆
ခုနှစ်၊ မေလ၂၄ ရက်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ ၎င်းနောက် ဆဋ္ဌသင်္ဂါယနာတင်
ဆရာတော်ကြီးများသည် အဋ္ဌကထာ သင်္ဂါယနာနှင့် ဋီကာသင်္ဂါယနာတို့ကိုပါ
ဆက်လက်ဆောင်ရွက်တော်မူခဲ့ကြရာ ခရစ်နှစ် ၁၉၆၂ ခုနှစ်တွင် အလုံးစုံပြီးမြောက်ခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်
သံဃာ့မထေရ်မြတ်ကြီးများက အကြိမ်ကြိမ်တည်းဖြတ်ထားသည့် ပိဋကတ် ကျမ်းစာများကို
အထားအသို၊ ပုဒ်ပါဌ် အက္ခရာအစဉ်တကျဖြင့် ဓမ္မာစရိယဘွဲ့ရ ပါဠိပညာရှင်များက
အထူးကြီးကြပ်၍ ဆဋ္ဌသင်္ဂါယနာ ပုံနှိပ်မူအဖြစ် နောင်အစဉ်အဆက် လက်ကိုင်ပြုနိုင်ရန်
ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာမူ
ပါဠိပိဋကတ်ကျမ်းစာများသည် ထေရဝါဒဗုဒ္ဓ သာသနာဝင် သင်္ဂါယနာခြောက်တန်လုံးက လိုက်နာကျင့်သုံးခဲ့သော
‘‘လိုသည်ဟု ဖြည့်စွက်မှုမပြုခြင်း၊ ပိုသည်ဟု နုတ်ပယ်မှုမပြုခြင်းနှင့်
မူလအတိုင်းထားရှိခြင်း’’ ဟူသော ထေရဝါဒမူ သုံးရပ်နှင့် ညီညွတ်စွာ မူကွဲမရှိ
အထူးစင်ကြယ်စွာ တည်ရှိနေခြင်းဖြစ်သည်။
ယခုအခါ
ဆဋ္ဌသင်္ဂါယနာမူ ပါဠိပိဋကတ်တော်များကို ကွန်ပျူတာစာစီမူအဖြစ် ပြန်လည်ပုံနှိပ် ဆောင်ရွက်လျက်ရှိရာ
၎င်းနှင့်ပတ်သက်၍ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသက
‘‘ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း လုပ်ငန်းသည်
သာသနာရေး ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သဖြင့် ယခုလို
အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်း ပြင်ဆင် ဖြည့်စွက် နုတ်ပယ်ခြင်းမပြုဘဲ
နောက်ဆက်တွဲ (Index) ပါ နာနာပါဌ (Different
Version)များ၊ အောက်ခြေမှတ်စု (Footnote) များပါ မကျန် ကွန်ပျူတာ စာစီမူ ပြန်လည်ပုံနှိပ်ဆောင်ရွက်ခြင်းသည်
အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သော အလုပ်ဖြစ်ပါကြောင်း၊ စာပေပျောက်လျှင်
လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထား ကြိုးစားရန်
တိုက်တွန်းလိုပါကြောင်း’’ သြဝါဒကထာမိန့်ကြားချီးမြှင့်တော်မူခဲ့သည်။
ဆရာတော်ကြီး၏သြဝါဒနှင့်အညီ
မိမိတို့၏ ဘာသာ၊ သာသနာ၊ စာပေ မပျောက်မပျက် အဓွန့်ရှည် တည်တံ့ရေး တစ်မျိုးသားလုံးက
ဝိုင်းဝန်းထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
No comments