မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်အနေဖြင့် အခွန်ငွေကျပ် ၄၅၅၈၉ ဒသမ ၆၂၉ သန်း ကောက်ခံရရှိ၊ အခွန်လျာထားချက် ပြည့်မီကျော်လွန်
မော်လမြိုင် ဩဂုတ် ၂၅
မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်အနေဖြင့် အခွန်ငွေကျပ် ၄၅၅၈၉ ဒသမ ၆၂၉ သန်း ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၈ ရာခိုင်နှုန်း ကောက်ခံရရှိသဖြင့် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့၏ (၁/၂၀၂၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရှင်းလင်းတင်ပြ
အဆိုပါ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက နိုင်ငံတော်မှ ကောက်ခံသည့် အခွန်အကောက်များ အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြား၍ တွဲဖက်အတွင်းရေးမှူး ပြည်တွင်းအခွန်များ ဦးစီးဌာန ပြည်နယ် အခွန်ဦးစီးဌာနမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန် အရပ်ရပ်လျာထားချက် ပြည့်မီ ကျော်လွန်စွာ ကောက်ခံရရှိခြင်းအတွက် သုံးသပ်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments