တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

 


စစ်တွေ ဩဂုတ် ၁၇

 

တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြု ငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး ဖြည့်စွက်ခွင့်ပြုငွေစာရင်း(လျာထားချက်)အပေါ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ လေ့လာစိစစ်တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှတ်တမ်းတင်ထားရှိကြောင်း ကြေညာသည်။

 

အလားတူ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်ကို ရခိုင်ပြည်နယ် လွှတ်တော်သို့ သတ်မှတ်ရက်အတွင်း တင်သွင်းပေးနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား တိုင်းတွန်းကြောင်း အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ယင်းအဆိုနှင့်ပတ်သက်၍ လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားကို ရယူသည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာကာတတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.