(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ



နေပြည်တော် ဩဂုတ် ၂၇


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ဆက်လက်ကျင်းပသည်။


ဦးစွာ ကာလပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသား)ကို ပြိုင်ပွဲဝင် ၁၅ ဦးက စာဆိုစစ်သည် တေးသီချင်းဖြင့် လည်းကောင်း၊ ကာလပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသမီး)ကို ပြိုင်ပွဲဝင် ၂၂ ဦးက တောင်တန်းပြာနဲ့စစ်စခန်း တေးသီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။


မွန်းလွဲပိုင်းတွင် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသား)ကို ပြိုင်ပွဲဝင် ၁၅ ဦးက သူရဲကောင်း အဓိပ္ပာယ်များ သီချင်းဖြင့် လည်းကောင်း၊ ခေတ်ပေါ် တေးအဆိုပြိုင်ပွဲ (အမျိုးသမီး)ကို ပြိုင်ပွဲဝင် ၂၂ ဦးက ရူးရူးမိုက်မိုက်အချစ်သီချင်းဖြင့် လည်းကောင်း သီဆို ယှဉ်ပြိုင်ကြသည်။


ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများကအငြိမ့်နှင့် ပြဇာတ်များကို ပါဝင်ကပြ ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ် ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.