ညောင်တုန်းမြို့နယ်၌ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်

 


နေပြည်တော် ဩဂုတ် ၂၇

 

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဧရာဝတီ တိုင်းဒေသကြီးအတွင်း မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ညောင်တုန်းမြို့နယ်တွင် ထပ်မံဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် စုစုပေါင်း စီမံကိန်း မြို့နယ် ၃၉ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူ စုစုပေါင်း ၁၃၄၂၂ ဦးကို မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်သည်။

 

သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးတွင် မသန်စွမ်း သူဦးရေ လေးသိန်းခွဲနီးပါးရှိပြီး မသန်စွမ်းဖြစ်ပွားမှုနှုန်း ၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တိုင်းဒေသကြီးများတွင် အမြင့်မားဆုံးဖြစ်ကာ ညောင်တုန်းမြို့နယ်တွင် မသန်စွမ်းသူဦးရေ တစ်သောင်းကျော်ရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မသန်စွမ်းသူများအတွက် အများတန်းတူအခွင့်အရေးနှင့် ခံစားခွင့်များအပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံ တင်ခြင်းလုပ်ငန်းသည် မသန်စွမ်းသူများအတွက် မူဝါဒများရေး ဆွဲချမှတ်ရာတွင် အချက်အလက်များ တိကျမှန်ကန်စေရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် ကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.