ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၁၃၅,၂၉၂ ဧက စိုက်ပျိုးပြီးစီး
ပွင့်ဖြူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၁၃၇,၉၈၇ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ မေလမှစတင်၍ ဩဂုတ် ၂၈ ရက်အထိ သီးနှံစုံ ၁၃၅,၂၉၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှုတွင် ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ အခြားစားသုံးသီးပင်များနှင့် ကျွဲနွားစာ သီးနှံများ ပါဝင်ကာ အချို့သီးနှံများမှာ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိသည့် သီးနှံများကိုလည်း လျာထားဧက ပြည့်မီစေရန် ဒေသခံတောင်သူများက ပူးပေါင်းစိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးပြီးသီးနှံများ အထွက်နှုန်းတိုးတက်ပြီး အရည်အသွေးကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာပြုပြင်ရေး၊ မျိုးရွေးချယ်မှုမှန်ကန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ စိုက်ပျိုးရေနှင့် မြေဩဇာ အပါအဝင် သွင်းအားစုများ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေး နည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားရေရိက္ခာ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချခြင်းဖြင့် ဝင်ငွေပိုမိုရရှိကာ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ၏ ပြောကြားချက်အရ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments