ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်




နေပြည်တော် ဩဂုတ် ၂၈

(၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။


အစည်းအဝေးများကို “Advancing ASEAN Human Capital: Skills Certification towards Global Recognition” ခေါင်းစဉ်ဖြင့် အာဆီယံနိုင်ငံများမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် အဆင့် မြင့်အရာရှိကြီးများကဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံ၏ ၃၅၇ သန်းရှိသော လုပ်သားအင်အားသည် “သုံးထပ်ကွေ့အပြောင်းအလဲ” (Triple Transition) ဖြစ်သည့် - လျင်မြန်သော ဒီဂျစ်တယ်စနစ်ကူးပြောင်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိမ်းရောင်စီးပွားရေးသို့ ကူးပြောင်းမှုနှင့် လူဦးရေဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်ဖြတ်သန်းနေကြောင်း။


ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ ဒီဂျစ်တယ်နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစိမ်းရောင်စွမ်းအင်နှင့် ဆောက်လုပ်ရေးစသည့် ဦးစားပေးကဏ္ဍများ၌ အာဆီယံကိုးကားမှုဆိုင်ရာ သင်ရိုးညွှန်းတမ်းမူဘောင် (ARCF) ဖော်ဆောင်ရေးသည် လုပ်သားများ၏ သင်ယူမှုရလဒ်များကို နေရာမရွေးသယ်ဆောင် အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှု စံသတ်မှတ်ချက် အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ အာဆီယံကျွမ်းကျင်မှု အရည်အသွေးမူဘောင် (ASCF)နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပေါ်တွင်အခြေခံသည့် အာဆီယံအလုပ်အကိုင်ဆိုင်ရာ စံသတ်မှတ် ချက်များကိုထောက်ခံကြောင်း၊ ကွန်ပျူတာအခြေပြုစာမေးပွဲများနှင့် ယခင်သင်ယူခဲ့သည့်အတွေ့အကြုံ များကို အသိအမှတ်ပြုခြင်း (RPL) စနစ်များကို အသုံးပြုခြင်းဖြင့် တရားဝင်မဟုတ်သော (Non-formal) ကဏ္ဍမှ လုပ်သားများအား အမျိုးသားအဆင့် မူဘောင်များကို လေးစားလိုက်နာလျက် အသိအမှတ်ပြု အာဆီယံကျွမ်းကျင်မှု လက်မှတ်များရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။


စံပြဗဟိုဌာန (CoE) အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ နည်းပညာလွှဲပြောင်းပေးမှု၊ တစ်သက်တာ သင်ယူမှုနှင့် နည်းပြသင်တန်းများ (Train-the-Trainer)ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)၊ World Skills ကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွန်ရက်တစ်ခုထူထောင်ရေးအတွက် မြန်မာနိုင်ငံတွင် အမျိုးသားကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (NSSA)သည် အမျိုးသားကျွမ်းကျင်မှု အရည်အသွေးမူဘောင် (NSQF) ကို တိုးမြှင့်ဖော်ဆောင်လျက်ရှိကြောင်း။


မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြင့် ရွေးကောက်တင်မြှောက်ခံအစိုးရသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂတွင် မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကို ပြန်လည်ရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


အစည်းအဝေးတွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား အလုပ်သမားကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးဆွေးနွေးမှုများ၊ အခြားအာဆီယံထိပ်သီး အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ရှင်းလင်းဆွေးနွေးမှုများ၊ အာဆီယံအလုပ်သမား ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement) အတည်ပြုထုတ်ပြန်နိုင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.