ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ပိုမိုသိရှိနားလည်နိုင်ရေး ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများနှင့် ရပ်ရွာအခြေပြု တွေ့ဆုံဆွေးနွေးပွဲကျင်းပ
မြစ်ကြီးနား သြဂုတ် ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ ကျေးရွာအဆင့်ထိ ရပ်ရွာအခြေပြုပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်ကလည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့သွားရောက်တွေ့ဆုံဆွေးနွေးရာတွင် နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)များရှိ ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းမော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်၍ ဒေသခံကော်မတီအဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင် ရရှိမှုအပေါ်မူတည်၍ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် မဒိန်ကျေးရွာအုပ်စု၊ ကွက်သစ်ရပ်ကွက်၊ လပြည့်ဝန်းလူမှုကူညီရေးအသင်း(ခကွမ်)ရှိ ဧရာဝတီခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဧရာဝတီမြစ်တစ်လျောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments