ဖိလစ်ပိုင်လွှတ်တော်က အသက် ၁၃ နှစ်နှင့်အောက် ကလေးများအတွက် လူမှုမီဒီယာကို လုံးဝပိတ်ပင်မည့် အစီအမံတစ်ရပ်ရေးဆွဲ
ဩဂုတ် ၂၄
ဖိလစ်ပိုင်အောက်လွှတ်တော်သည် အသက် ၁၃ နှစ်နှင့်အောက် ကလေးများအတွက် လူမှုမီဒီယာနှင့် အွန်လိုင်းဂိမ်းပလက်ဖောင်းများကို လုံးဝပိတ်ပင်မည့် အစီအမံတစ်ရပ်ကို ရေးဆွဲလျက်ရှိပြီး အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အထိ လူငယ်များကို အသုံးပြုခွင့်ပေးသော်လည်း အချို့သော လုပ်ဆောင်ချက်များကို ကန့်သတ်မည်ဖြစ်ကြောင်း ဒေသခံမီဒီယာများက ယမန်နေ့ကဖော်ပြခဲ့သည်။
အဆိုပါအစီရင်ခံစာများအရ အောက်လွှတ်တော် အခြေခံပညာရေးနှင့် ယဉ်ကျေးမှုကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ကိုယ်စားလှယ် ရိုမန်ရိုမူလိုက အသက် ၁၃ နှစ်အောက်ရှိသူများကို ယင်းကဲ့သို့သော ပလက်ဖောင်းများမှ ပိတ်ပင်မည်ဖြစ်ပြီး အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားရှိ အသုံးပြုသူများကို စည်းမျဉ်းစည်းကမ်းများဖြင့်ထိန်းချုပ်ပြီး အချို့သော လုပ်ဆောင်ချက်များကို ပိတ်ပင်မည်ဟု သိရသည်။
ဖိလစ်ပိုင်တွင် လုပ်ငန်းလည်ပတ်လိုသော ပလက်ဖောင်းအားလုံးသည် နိုင်ငံအတွင်း ဒေသခံရုံး/ကိုယ်စားလှယ်အဖြစ်တည်ရှိမှုတစ်ခု ထူထောင်ထားရမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၏ ပိတ်ဆို့ခြင်းနှင့် ရင်ဆိုင်ရမည်ဟု ရိုမူလိုက ပြောကြားခဲ့သည်။ အောက်လွှတ်တော်သည် လူငယ်ကစားသမားများ ဝင်ရောက်ကြည့်ရှုနိုင်သော အွန်လိုင်းဂိမ်းများကို စောင့်ကြည့်ရန် အမျိုးအစားခွဲခြားရေးဘုတ်အဖွဲ့တစ်ခု ဖန်တီးရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments