အမျိုးသားပြတိုက်(နေပြည်တော်)နှင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)တို့ကို ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ သွားရောက်လေ့လာ

 


နေပြည်တော် ဩဂုတ် ၃၁

 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်)နှင့် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်) တို့ကို သွားရောက်လေ့လာကြသည်။

 

အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိစဉ် မြန်မာ့ကျောက်ခေတ်ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ ကျောက်ခေတ်သစ် ယဉ်ကျေးမှု၊ အညာသားယဉ်ကျေးမှု ထွန်းကားရာဒေသများ၊ နံရံဆေးရေးပန်းချီများ၊ မြန်မာ့တူရိယာများ သမိုင်းအကျဉ်း၊ ခေတ်အဆက်ဆက်ရုပ်သေးများ၊ တိုင်းရင်းသားရိုးရာ တူရိယာများ၊ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ကြည့်ရှုလေ့လာကြပြီး ပြတိုက်တာဝန်ရှိသူများက ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသကြသည်။

 

ထို့အတူ တပ်မတော်စစ်သမိုင်း ပြတိုက် (နေပြည်တော်)သို့ ရောက်ရှိစဉ် ပြတိုက်တာဝန်ရှိသူများက တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သမိုင်းပြတိုက်သမိုင်းနှင့် ပြခန်းများ၊ တိုက်ခိုက်ရေးလေယာဉ်များ၊ ကင်းထောက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တပ်မတော် ဖရီးဂိတ်စစ်ရေယာဉ်များ၊ စစ်ရေယာဉ်များ ပုံပြုလေ့ကျင့်မောင်းနှင်ခြင်း၊ တိုက်ပွဲသမိုင်းမှတ်တမ်းများ အကြောင်းကို ရှင်းလင်းပြသကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ ပြခန်းများနှင့် ပြင်ပတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်သင်္ဘောများ၊ လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများကိုလည်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.