မလေးရှားနိုင်ငံသို့ ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား ၂၁ သန်းကျော် ဝင်ရောက်
ဩဂုတ် ၂၅
မလေးရှားနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီးသွား ၂၁ သန်းကျော် ဝင်ရောက်ခဲ့ရာ ယမန်နှစ်အလားတူကာလကထက် ခရီးသွားဝင်ရောက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မလေးရှားခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီး တုံကင်းဆင်းက ယမန်နေ့က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသောအနှောင့်အယှက်များရှိနေသော်လည်း ယင်းကိန်းဂဏန်း ကိုရရှိခဲ့ကြောင်း ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် စွမ်းဆောင်ရည်အစီရင်ခံစာတင်ပြစဉ် တုံကင်းဆင်းက ပြောကြားခဲ့သည်။
ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့သည် အထိခိုက်ဆုံးဈေးကွက်များတွင် ပါဝင်သော်လည်း စင်ကာပူ၊ ဖိလစ်ပိုင်၊ တရုတ်၊ အလယ်အာရှ၊ အိုရှန်းနီးယားနှင့် မြောက်အမေရိကတို့မှ လာရောက်မှု တိုးတက်လာခြင်းကြောင့် မလေးရှားနိုင်ငံသည် စုစုပေါင်း ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။
မူလစီစဉ်ထားသည့် လေယာဉ်ခရီးစဉ် ၉၁၄၈၆ ခုနှင့်နှိုင်းယှဉ်ပါက ယခုနှစ် ပထမခြောက်လအတွင်း နိုင်ငံတကာလေယာဉ်ခရီးစဉ် ၈၈၀၅၈ ခုရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
မလေးရှားနိုင်ငံ၏ နိုင်ငံတကာလေယာဉ်ခရီးစဉ်ကွန်ရက်ဆက်လက်တိုးချဲ့ခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လမ်းကြောင်းအသစ် ၂၃ ခု၊ မလေးရှားသို့ လေယာဉ်ခရီးစဉ်အသစ် ၁၂ ခုနှင့် စင်းလုံးငှားဝန်ဆောင်မှု ၉ ခု စတင်မိတ်ဆက်ခဲ့သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments