စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟဲဟိုး) အား ကောလိပ်အဆင့် မြှင့်တင်မည်
နေပြည်တော် ဩဂုတ် ၁၈
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုး) အား ကောလိပ်အဆင့် မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အပိုင်းက အဆောက်အအုံနှင့် အခြားလိုအပ်ချက်များ၊ ဆရာ ဆရာမများအတွက် မွမ်းမံသင်တန်းများ စီမံဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဆရာ ဆရာမများအပိုင်းကလည်း ကောလိပ်အဆင့်နှင့်လျော်ညီသော သင်ကြားရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများနှင့်အတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာအသစ်များကို စဉ်ဆက်မပြတ်ကြိုးပမ်းလေ့လာပြီး တပည့်များ စံပြုအားထားရသည့် ဆရာ ဆရာမများအဖြစ် ရပ်တည်သွားကြစေလိုကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုးနှင့် ဒီမောဆို) ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအား ယမန်နေ့က သမူဟခန်းမ၌တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စာသင်ဆောင်များ၊ ဆရာ ဆရာမ အဆောင်များနှင့် ကျောင်းသား ကျောင်းသူအဆောင်များ၊ စားရိပ်သာနှင့် မွေးမြူရေးဘာသာရပ် လက်တွေ့သင်ကြားရေးအဆောင်များ၊ လက်တွေ့ စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟဲဟိုးနှင့် ဒီမောဆို) ကျောင်းများမှ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းဆင်းပြီးနောက် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူတန်းအထိ ပေါက်မြောက်အောင် ဆက်လက်လေ့လာသင်ယူသွားကြရန်၊ မိမိသင်ယူ တတ်မြောက်ထားသော ပညာဂုဏ်သိက္ခာနှင့်လျော်ညီသည့် လုပ်ငန်းခွင်ကိုရွေးချယ်ကြရန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကျင့်ဝတ်သိက္ခာယိုယွင်းမှုမရှိစေဘဲ ခြိုးခြံချွေတာ၍ ရိုးသားစွာကြိုးစားပြီး မိမိဘဝတက်လမ်းအောင်မြင်မှုရရှိအောင် ကြိုးပမ်းသွားကြရန် အားပေးမှာကြားသည်။
ညနေပိုင်းတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၏ ဟဲဟိုးခြံသို့သွားရောက်၍ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ကော်ဖီ၊ စတော်ဘယ်ရီပျိုးပင်များ၊ အာလူး၊ နေကြာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ မျိုးအာလူးများ မျိုးထုတ်လုပ်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ ပိုးစာခြံတွင် ပိုးစာပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ပိုးမွေးမြူရန် အကြိုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာများဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments