အနေဝေးသော်လည်း သွေးမဝေးသည့် ယုံကြည်စိတ်ချအားထားရသော ကာလရှည်မိတ်ဖက်နိုင်ငံ
မောင်ငြိမ်းအေး
(ယမန်နေ့မှအဆက်)
ဘယ်လာရုစ်သမ္မတနိုင်ငံ
မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတသည်
ဘယ်လာရုစ်နိုင်ငံမှ နောက်နေ့နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဩဂုတ် ၂၁ ရက်နေ့ ဒေသ
စံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ
မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား Double Tress by Hilton ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ဘယ်လာရုစ်နိုင်ငံမှ
မထွက်ခွာမီ အဝေးတစ်နေရာတွင် ရောက်ရှိနေသည့် သားသမီးများအား မိဘက
သွန်သင်ဆုံးမလမ်းညွှန်ပြသ အားပေးစကား ပြောကြားသကဲ့သို့ ဘယ်လာရုစ်နိုင်ငံတွင်
ရောက်ရှိ နေသည့် ဝန်ထမ်းများနှင့် သင်တန်းသားများအား သိရှိမှတ်သား
လိုက်နာဆောင်ရွက်ရန်အချက်များကို နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
ဘယ်လာရုစ်နိုင်ငံသည်
လယ်ယာစက်မှုလုပ်ငန်းများ တိုးတက်လျက်ရှိသကဲ့သို့ မွေးမြူရေး လုပ်ငန်းများတွင်လည်း
ခေတ်မီနည်းစနစ်များဖြင့် အောင်မြင်စွာဆောင်ရွက်ပြီး ထုတ်ကုန်များကို
နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်သဖြင့် အခြေခံအားဖြင့်
တူညီမှုရှိသည်။ နိုင်ငံတော်သမ္မတ ဘယ်လာရုစ် နိုင်ငံသို့ ရောက်ရှိချိန်ကာလအတွင်း
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို
မျက်မြင်တွေ့ရှိခဲ့ရပြီး ဘယ်လာရုစ်သမ္မတနိုင်ငံနှင့်
ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်
အကျိုးများစွာဖြစ်ထွန်းမည်ဟု ယုံကြည်ထားသည်။ ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံမှုများ
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို
ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ နှစ်နိုင်ငံအကြား
ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ အောင်မြင်စေရေးအတွက်
တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်
သမ္မတက မှာကြားခဲ့သည်။
အကျိုးရှိအောင်ဆောင်ရွက်
ဘယ်လာရုစ်နိုင်ငံ၏
ပညာရေးသင်ကြားရေးသည် အဆင့်မီသည့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင်
နိုင်ငံတကာမှ သင်တန်းသားများ လာရောက်ပညာဆည်းပူးလျက်ရှိသည်။ ဘယ်လာရုစ်နိုင်ငံတွင်
လာရောက်ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် သင်တန်းသားများ အနေဖြင့်
သက်ဆိုင်ရာသင်ကြားရသည့် ဘာသာရပ်များအား မြန်မာနိုင်ငံ၏အကျိုးအတွက် ပြန်လည်
အသုံးချနိုင်ရေး စနစ်တကျ သင်ယူကြရမည်ဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံသည်
မြန်မာနိုင်ငံနှင့် အလှမ်းကွာဝေးပြီး ရာသီဥတုဆိုးရွားသည့်နိုင်ငံဖြစ်ပြီး
ငွေကြေးနှင့် အချိန်များပေးဆပ်ကာ ပညာ သင်ကြားနေကြရခြင်းဖြစ်၍ ပညာကို စနစ်တကျ
သင်ယူပြီး နိုင်ငံအတွက် အကျိုးရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်သည်။
မြန်မာသင်တန်းသားများကဲ့သို့ပင်
အာရှနိုင်ငံများမှ လာရောက်သင်ကြားလျက်ရှိသည့် နိုင်ငံသား များနှင့်
ပေါင်းသင်းဆက်ဆံမှုများ ကောင်းမွန်အောင် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ဂုဏ်ကို
ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ကို
ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ
ရပ်တည်လျှောက်လှမ်းနိုင်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ကိုယ်တိုင်သိရှိအောင်
လေ့လာဆောင်ရွက်ကြရန်လိုသကဲ့သို့ မသိရှိသေးသူများကိုလည်း သိရှိစေရေး တစ်ဖက်တစ်လမ်းမှ
ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့၏ အတွေ့အကြုံနှင့် တိုင်းပြည်၏အခြေအနေအပေါ်မူတည်၍
လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပတွင်နေထိုင်စဉ်အတွင်း
တိုင်းပြည်မျက်နှာမပျက်အောင် နေထိုင်ဆောင်ရွက်ရန်၊ ကျန်းမာရေးကို
အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစား များကို ဆောင်ရွက်ကြရန်၊
ပညာသင်ကြားရေးအပိုင်းတွင် တစ်ဦးချင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ဘာသာစကားများ
ကိုလေ့လာရန်၊ ပြောင်းလဲတိုးတက်လျက်ရှိသည့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ်
လေ့လာနေ ကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
စိတ်လက်ရွှင်လန်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်
ဩဂုတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ်နိုင်ငံ
မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ
လျှောက်လမ်း၏ တစ်ဖက်တစ်ချက်တွင် နေရာယူ၍ အလေးပြုကြသည်။ ထို့နောက် ဒေသစံတော်ချိန်
ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ် ကီဇီးလ်မြို့
အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့သည်။ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှ
ရုရှားနိုင်ငံတူဗားပြည်နယ် ကီဇီးလ်မြို့သို့ အချိန်ကြာမြင့်စွာခရီးသွားခဲ့ရသော်လည်း
တူဗားပြည်နယ် အကြီးအကဲနှင့် ပြည်နယ် အစိုးရအဖွဲ့၏ နွေးထွေးပျူငှာလှိုက်လှဲဖော်ရွေစွာ
ခရီးဦးကြိုဆိုပြုမှုကြောင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအားလုံး ခရီး
ပင်ပန်းနွမ်းနယ်သမျှ လွင့်စဉ်ပျောက်ပျယ်သွားပေသည်။ ထူးခြားလေးနက် သည့်
အထင်ကရဒေသသို့ သွားရောက်လေ့လာရမည်ဖြစ်၍ စိတ်ရွှင်လန်း တက်ကြွခြင်းဖြစ်ကြရသည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်သည် ထိုနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗား ပြည်နယ်အကြီးအကဲ
မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အိမ်တော်၌
တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံရာတွင် တူဗားပြည်နယ်အကြီးအကဲက နိုင်ငံတော်သမ္မတ
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး တူဗားပြည်နယ်၏
သမိုင်းကြောင်းဆိုင်ရာများနှင့် ဒေသဆိုင်ရာ အချက်အလက်များ၊ တူဗားပြည်နယ်အတွင်း
စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည် ဗုဒ္ဓ
ဘာသာကိုကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ကိုးကွယ်ယုံကြည်မှုများ တူညီလျက်ရှိမှု၊
မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊
ပညာရေးကဏ္ဍနှင့်ခရီးသွား ကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက် မှုများ
မြှင့်တင်ဆောင်ရွက်လိုမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အရှိန်အဟုန်တိုးမြှင့်
ယင်းနောက်
နိုင်ငံတော်သမ္မတက တူဗားပြည်နယ်အကြီးအကဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ အနေဖြင့်
မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ
ကြိုဆို သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တူဗားပြည်နယ်သို့
ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သည့် တောတောင်ရှုခင်းများကို မြင်တွေ့ရသဖြင့်
မိမိတို့၏စိတ်နှလုံးကို ချမ်းမြေ့စေကြောင်း ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံသည်
ယုံကြည် စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း သံတမန်
ဆက်ဆံမှုများ ရှည်လျားကောင်းမွန်လျက်ရှိမှုနှင့် ယခုအခါ ချစ်ကြည်ရင်းနှီးမှ နှင့်
ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေသို့
ရောက်ရှိလျက်ရှိမှု၊ နှစ်နိုင်ငံ ဗဟိုအစိုးရအဖွဲ့အချင်းချင်း ပူးပေါင်း
ဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့ သို့ နှစ်နိုင်ငံမှ
ပြည်နယ်များအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်တိုးမြှင့်
ဆောင်ရွက်လျက် ရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
တူဗားပြည်နယ်သည်
တွင်းထွက်သယံဇာတများထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်သည့်
ပြည်နယ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း မြေပေါ်မြေအောက် သယံဇာတ များ
ပေါများစွာထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိသည့်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်သည့် အလားအလာ နှင့် အခွင့်အလမ်းရှိသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံ ဖြစ်သကဲ့သို့ တူဗားပြည်နယ်တွင်
နေထိုင်သူအများစုသည်လည်း တိဗက်ဗုဒ္ဓဘာသာများဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့်
ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်ဆောင်ရွက်နိုင်သည်။ နှစ်နိုင်ငံ အစိုးရနှင့်
ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက်
သံတမန်ဆက်ဆံမှု များကို ယခုထက် ပိုမိုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည့်အခြေ
အနေများကို နိုင်ငံတော်သမ္မတက အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အထင်ကရနေရာတစ်ခု
ဩဂုတ် ၂၃ ရက်နေ့
နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများ၊
အဖွဲ့ဝင်များ၊ တူဗား ပြည်နယ်အကြီးအကဲ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တာဝန် ရှိသူများနှင့်အတူ
ကီဇီးလ်မြို့ရှိ အထင်ကရနေရာများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် မြစ်ကမ်းနံဘေးရှိ အာရှတိုက်၏ အလယ်ဗဟိုနေရာ ဖြစ်သည့် The Center of
Asia အထိမ်းအမှတ် ကျောက်တိုင်ကို
သွားရောက်ကြည့်ရှုလေ့လာကြပြီး အထိမ်းအမှတ်ကျောက်တိုင်နေရာ၌ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ The
Center of Asia ကျောက်တိုင်တည်ရှိသည့်နေရာသည်
Great
Yenisei နှင့် Little Yenisei မြစ်နှစ်စင်းဆုံစည်း ရာ မြစ်ကမ်းနံဘေးတွင်တည်ရှိပြီး အဆိုပါ The Center of
Asiaသည် အာရှတိုက်၏ ပထဝီဗဟိုချက် ကျရောက်သည့်နေရာကို
အထိမ်းအမှတ်ကျောက်တိုင်အဖြစ် တည်ဆောက်ထားခြင်းဖြစ်ပြီး တူဗားပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ် အမျိုးသားဂီတနှင့် ပြဇာတ်ရုံ “V.Kok-ool” သို့ရောက်ရှိပြီး တူဗားပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကမ္ဘာကျော်
တူဗားရိုးရာ လည်ချောင်းသံဖြင့် သံစဉ်ပြုလုပ်သီဆိုရသော ရိုးရာတေးသီချင်းများဖြင့်
သီဆိုဖျော်ဖြေခြင်းနှင့် ရိုးရာ တူရိယာပစ္စည်းများဖြင့် ယဉ်ကျေးမှုအဖွဲ့များက
တီးမှုတ်ဖျော်ဖြေ သရုပ်ဖော်တင်ဆက်ပြသခြင်းများ ကို ကြည့်ရှုအားပေးကြပြီး
တူဗားပြည်နယ် အမျိုးသားဂီတနှင့် ပြဇာတ်ရုံ “V.Kok-ool” ၏ သမိုင်းမှတ်တမ်းပြခန်းကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ အဆိုပါတူဗားပြည်နယ်
အမျိုးသားဂီတနှင့် ပြဇာတ်ရုံ “V.Kok-ool”သည် ကီဇီးလ်မြို့၏ ဗဟိုချက်မဖြစ်သော Arat Square (အာရက်ရင်ပြင်တွင်)တည်ရှိပြီး ၁၉၃၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တူဗားပြည်နယ်၏ ထင်ရှားကျော်ကြားသော သရုပ်ဆောင်၊ စာရေး ဆရာနှင့် ပြဇာတ်ရေးဆရာ Viktor
Shogzhapovich Kok-ool ကို ဂုဏ်ပြု၍
အမည်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသားဂီတနှင့်ပြဇာတ်ရုံတွင်
ကမ္ဘာကျော်တူဗားရိုးရာ လည်ချောင်းသံသီချင်းများနှင့် ရိုးရာတူရိယာပစ္စည်းများ
အသုံးပြု၍ တီးခတ်သီဆိုသရုပ်ဖော်တင်ဆက်ခြင်းများကို တူဗား ဘာသာစကားနှင့် ရုရှားဘာသာစကားတို့ဖြင့်
ကဏ္ဍအလိုက် တင်ဆက်လေ့ရှိသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ် အမျိုးသားပြတိုက်သို့
ရောက်ရှိကြရာ ပြတိုက်အကြီးအကဲနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး
ကြိုဆိုနှုတ်ဆက်ကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တူဗားလူမျိုးများ၏
တူဗားပြည်သူ့သမ္မတနိုင်ငံခေတ်မှ ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဘာသာရုပ်ပွားတော်များ၊
လူမျိုးရေးဆိုင်ရာ ရှေးဘိုးဘေးတို့၏ အသုံးအဆောင် ပစ္စည်းများ၊
လက်ဝတ်ရတနာအဆင်တန်ဆာများ၊ ရှေးယခင်က အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့်
လက်နက်ကိရိယာများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများနှင့် တူဗားလူမျိုးများ
ဝတ်စားဆင်ယင် ခဲ့သည့် ရိုးရာဝတ်စုံများ၊ တူဗားဒေသရှိ ယခင်ကနေထိုင်မှုပုံစံ
သရုပ်ပြခန်းများအတွင်း စိတ်ပါဝင်စား စွာဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြတိုက်မှ
တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အဆိုပါ တူဗားပြည်နယ်
အမျိုးသားပြတိုက်ကို ၁၉၂၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
ယခုပြတိုက်နေရာသို့ ၂၀၀၈ ခုနှစ်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ပြတိုက်တွင် တူဗား လူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို
စုဆောင်းထိန်းသိမ်းပြသထားပြီး တူဗားပြည်သူ့သမ္မတနိုင်ငံခေတ်မှ ရှားပါးအသုံးအဆောင်ပစ္စည်းများ၊
စာရွက်စာတမ်းများ၊ လူမျိုးရေး ဆိုင်ရာပစ္စည်းများ၊ နတ်ကိုးကွယ်ယုံကြည်မှု၊ ဗုဒ္ဓဘာသာနှင့်
အော်သိုဒေါ့တို့၏ ဘာသာရေးဆိုင်ရာ ပြခန်းများ၊ တူဗားလူမျိုးတို့၏
မဟာမျိုးချစ်စစ်ပွဲတွင် ပါဝင်မှုပြခန်းများအပါအဝင် ပြခန်းပေါင်း ၂၄ ခန်းကို
ခင်းကျင်းပြသထားသည်။ တူဗားပြည်နယ် အမျိုးသားပြတိုက်သည် တူဗားပြည်နယ်၏ ထူးခြားသော သမိုင်းဝင်နှင့်
ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားသော နေရာတစ်ခု ဖြစ်သည်။
နိုင်ငံတော်သမ္မတ ရောက်ရှိခဲ့သည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ်
ကီဇီးလ်မြို့သည် ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသရှိ တူဗားပြည်နယ်၏
မြို့တော် ဖြစ်သည်။
ယဉ်ကျေးမှုအစဉ်အလာ
တူဗားပြည်နယ်သည်
ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး မြေမျက်နှာသွင်ပြင်မှာ ထူးခြားသည်။ Syan
Mountains နှင့် Altai Mountains တို့က ဒေသကို ဝန်းရံထားသည်။ အလယ်ပိုင်းတွင် ကျယ်ပြန့်သည့်
ချိုင့်ဝှမ်းလွင်ပြင်များရှိသည်။ ဒေသအတွင်း Yenisei မြစ်က ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ဒေသအတွင်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုသည့်မြစ်ဖြစ်သည်။
မွေးမြူရေး လုပ်ငန်းများတွင် မြင်းမွေးမြူရေးသည် တူဗားဒေသ၏
ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ပါဝင်သည်။ တူဗားဒေသတွင် နေထိုင်ကြသူများ၏
ဘာသာစကား၊ ဂီတ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာ ယဉ်ကျေးမှုများသည် အလယ်အာရှနှင့်
ဆိုက်ဘေး ရီးယားဒေသ ယဉ်ကျေးမှုများကို ပေါင်းစပ်ထား သည့်ပုံစံဖြစ်သည်။ တူဗားဒေသသည်
တိဗက်ဗုဒ္ဓ ဘာသာ၊ အော်သိုဒေါ့ခရစ်ယာန်ဘာသာနှင့် ရှားမန် နတ်ကိုးကွယ်မှုများ
ယှဉ်တွဲတည်ရှိသည့် ယဉ်ကျေးမှုအစဉ်အလာများကို ကောင်းစွာ ထိန်းသိမ်း ထားသောဒေသဖြစ်သည်။
တူဗားဒေသ မြိုတော်ကီဇီးလ်မြို့တွင် ရုရှားနိုင်ငံ၏ အကြီးဆုံး
ဗုဒ္ဓဘုရားကျောင်းတော်တည်ရှိပြီး ဗုဒ္ဓဘာသာ တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။
(၄) ကြိမ်မြောက်
နိုင်ငံတကာဗုဒ္ဓဘာသာဖိုရမ်ကို မကြာမီက ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ
အသီးသီးမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်
လူမှုရေးနယ်ပယ်အသီးသီးမှ ထင်ရှား ကျော်ကြားသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြသည်။
အလားတူ အဆိုတော်တစ်ဦးတည်းမှနေ၍ မြစ်ရေစီးသံ၊ လေတိုက်သံ၊ မြင်းသံ စသည်များကို
အသံတုများအဖြစ် ဖန်တီးသီဆိုသည့် ရိုးရာဂီတသည် တူဗားဒေသ၏ ထင်ရှားသောရိုးရာဂီတဖြစ်သည်။
တူဗားဒေသသည် ဆောင်းရာသီတွင် အလွန်အေးမြပြီး နွေရာသီတွင်နေ့အပူချိန် အလွန်မြင့်မားသဖြင့်
ရာသီဥတုအလွန်ပြင်းထန်သည့် ဒေသဖြစ်သည်။ တူဗားဒေသသည် ယဉ်ကျေးမှု၊ လှပသည့်
သဘာဝတောတောင်ရေမြေများနှင့် သမိုင်း ကြောင်းများအရ ထင်ရှားမှုများရှိသဖြင့်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထူးခြားလှပထင်ရှားသည့် ဒေသတစ်ခု ဖြစ်သည်။ တူဗားဒေသသည်
ရေမြေတောတောင် ရာသီဥတုကွာခြားမှုရှိသည့် မြန်မာနိုင်ငံနှင့် ဆင်တူသည့်အပြင်
မြန်မာနိုင်ငံ အပေါ် သံယောဇဉ်မြင့်မားသဖြင့် တစ်သွေးတစ်သား တည်းဟု ဆိုရမည်ဖြစ်သည်။
ပြန်လည်ထွက်ခွာ
နိုင်ငံတော်သမ္မတ
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၃ ရက် ဒေသစံတော်ချိန်
နံနက် ၁၁ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ် ကီဇီးလ်မြို့
အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့
ပြန်လည် ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ခုနစ်ရက်ကြာ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်ကို
သုံးသပ်ကြည့်မည်ဆိုလျှင် အောင်မြင်သော ခရီးစဉ်ဆိုသည်ထက်
ပိုမိုလေးနက်နက်ရှိုင်းသည့် မဟာဗျူဟာမြောက်သည့် ခရီးစဉ်ဟုဆိုရမည် ဖြစ်သည်။ ပြည်သူက
ရွေးချယ်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရသစ် နိုင်ငံတော်၏တာဝန်ကို
စတင်တာဝန်ထမ်းဆောင်ခဲ့သည့် လေးလတာကာလ အတိအကျအားဖြင့်ရက်ပေါင်း ၁၃၅ ရက်အတွင်း
နိုင်ငံတော်သမ္မတကြီးအနေဖြင့် နိုင်ငံတကာဆက်ဆံရေးမှတ်တိုင်ကို အထင်အရှား
စိုက်ထူပြသ နိုင်ခဲ့သည်။ နိုင်ငံတကာနယ်ပယ်အချို့တွင် မြန်မာနိုင်ငံအပေါ်
မည်သို့ပင်သဘောထားသော်ငြားလည်း နိုင်ငံတော်သမ္မတကြီး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့်
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အောင်မြင်မှုများ ရရှိနေသည်ကို ငြင်းမရသည့်
သက်သေများနှင့် မြင်တွေ့နေရပြီဖြစ်သည်။
နိုင်ငံတော်သမ္မတကြီးအနေဖြင့်
နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊
လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ
ခြောက်နိုင်ငံတို့ကို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်များအဖြစ်
သွားရောက်ခဲ့ပြီးဖြစ်သည်။ ခြောက်နိုင်ငံ မိုင်ပေါင်း
နှစ်သောင်းနီးပါးခရီးရှည်ကြီးအတွင်း နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများကို
ဆောင်ရွက်နိုင်သည်သာမက နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးဆောင်ရွက်ချက်များကို
နိုင်ငံတကာမီဒီယာကြီးများပင် အသိအမှတ် ပြုခဲ့ကြ သည်။ ယခု မိုင်ပေါင်းထောင်ချီဝေးကွာသည့်
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ခရီးစဉ်တွင် အိန္ဒိယနိုင်ငံနှင့်
ကာဇက်စတန်နိုင်ငံတို့ကလည်း ခရီးဦးကြိုဆိုရင်းနှီးဆက်ဆံမှု ပိုမိုဖြည့်စွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတကာဆက်ဆံရေး ကြိုးပမ်း ဆောင်ရွက်မှုတွင် တရုတ်၊
ရုရှား၊ အိန္ဒိယ ကမ္ဘာ့နိုင်ငံကြီးသုံးနိုင်ငံမှ ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံဆွေးနွေးနိုင်ပြီး
အပြန်အလှန် ယုံကြည်မှုများတည်ဆောက်နိုင်ကာ မဟာဗျူဟာ မြောက်ဆက်ဆံရေးကို
အဆင့်မြှင့်နိုင်ခဲ့သည်။
နှစ်နိုင်ငံအကျိုးစီးပွား
ရုရှားနိုင်ငံခရီးစဉ်တွင်
မြန်မာ-ရုရှား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှု
တို့ကို ယခင်ထက် ပိုမိုမြှင့်တင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံကြီးဖြစ်သည်။
အားကြီးသူနှင့် အားငယ်သူဖြစ်သော်ငြား မိတ်ကောင်းဆွေကောင်း ထက်ပိုသည့်
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအဖြစ် ခံယူထားကြသည်ဖြစ်၍ ကိုယ်နှင့်ထပ်တူသဘောထား ဆက်ဆံခဲ့
ကြသည်။ ရိုင်းပင်းကူညီဖေးမခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်
အကျိုးစီးပွားဖြစ်ထွန်းမည်ဖြစ်သလို မြန်မာနိုင်ငံအနေဖြင့်လည်း အတတ်ပညာ၊ နည်းပညာ၊
အခွင့်အလမ်းများရရှိမည်သာမက နှစ်နိုင်ငံကုန်သွယ်စီးပွား အခွင့်အလမ်း
အကျိုးအမြတ်များ တိုးပွားလာမည်ဖြစ်သည်။ ခရီးစဉ်တွင် နှစ်နိုင်ငံ စီးပွားရေး၊
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ အာကာသနှင့် နည်းပညာ၊
သိပ္ပံနှင့် နည်းပညာ၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးစသည့်
နယ်ပယ်ကဏ္ဍအားလုံးကို လွှမ်းခြုံဆွေးနွေးနိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတအနေဖြင့်
အစည်းအဝေး ပေါင်း ၁၅ ခုတွင် ဆွေးနွေးခဲ့ပြီး G to G MoU ၁၂ ခု ရေးထိုးနိုင်ခဲ့သည်။
ဘယ်လာရုစ်နိုင်ငံခရီးစဉ်တွင်
ဘယ်လာရုစ် သမ္မတကြီးနှင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဝန်ကြီးချုပ်၊
လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း ဆွေးနွေးနိုင်ခဲ့သည်။ မင့်စ်မြို့တွင် ပြုလုပ်သည့်
စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ၏ အားသာချက်များကို ထုတ်ဖော်တင်ပြနိုင်ခဲ့ပြီး
ဘယ်လာရုစ်နိုင်ငံ၏ အားသာချက်များနှင့် ပေါင်းစပ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရေး သဘောတူညီချက်များ ရရှိခဲ့သည်။
မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အကန့်အသတ်မထားဘဲ အဆင့်မြင့်
ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဘယ်လာရုစ်သမ္မတကြီး ကတိပြုချက်သည်
မိတ်ဆွေရင်းထက်ပိုသည့် မိတ်ကောင်း ဆွေကောင်း ဆက်ဆံဆောင်ရွက်ခြင်းဖြစ်ပါသည်။
နိုင်ငံတော် သမ္မတအနေဖြင့် ရုရှား၊ ဘယ်လာရုစ် သမ္မတကြီး နှစ်ဦးစလုံးနှင့်
ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုအပြင် မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးဖြင့်
နှစ်နိုင်ငံအကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတ၏ ရုရှား၊ ဘယ်လာရုစ်နှစ်နိုင်ငံ တရားဝင်ခရီးစဉ်သည် အနေဝေး သော်လည်း
သွေးမဝေးသော ယုံကြည်စိတ်ချအားထားရသည့် မိတ်ဆွေနိုင်ငံ၊ ကာလရှည် မိတ်ဖက်နိုင်ငံ၊
မဟာဗျူဟာမိတ်ဖက် နိုင်ငံများအဖြစ် နှစ်နိုင်ငံအကျိုးစီးပွားများကို ဆောင်ကြဉ်း ပေးနိုင်တော့မည်ဖြစ်ပါသည်။
No comments