ညောင်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြော
ညောင်ဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက် တန်းကျောင်း(ညောင်ဦး) ပန်းမျိုး တစ်ရာခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ်က ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး၊ စီမံခန့်ခွဲရေး၊ အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် (ပုဂံဌာနခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်မြင့်က ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ အခန်းကဏ္ဍ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေး မှုအမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီ ဦးစိုးစိုးလင်းက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ အကြောင်း သိမှတ်ဖွယ်ရာများနှင့် အမျိုးသားရေး တာဝန်တို့ကို ဟောပြောပို့ချသည်။
ထို့နောက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး ဟောပြောပို့ချမှု ဉာဏ်စမ်း မေးခွန်းများကို ကျောင်းသား ကျောင်းသူများ ဖြေဆိုခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း

No comments