တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ
လွိုင်ကော် ဩဂုတ် ၁၇
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို
ယနေ့နံနက် ၁၀ နာရီတွင် ကယားပြည်နယ်လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ
ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်သို့ တက်ရောက်လေ့လာသည့် ရေးရာကော်မတီဝင်များ၊
တက္ကသိုလ်ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
သုံးဦးက မေးခွန်းလေးခုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ဦးစိုးရယ် ဒီးမော့ဆိုမြို့နယ်
ကိုယ်စားလှယ်အမှတ်(၁)၏ “ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ဒေသနှင့်ကိုက်ညီသော တန်ဖိုးသင့်/ နည်းအိမ်ရာများ ဆောက်လုပ်နိုင်ရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
လျာထားချက် တင်သွင်းစဉ်တွင် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းပါဝင်စေပြီး
ခွင့်ပြုရရှိသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်သူ့နေအိမ်များဆောက်လုပ်ပေးခြင်းနှင့်
နေရာချထားပေးခြင်းတို့ကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကယားပြည်နယ် အစိုးရအဖွဲ့အား
တိုက်တွန်းကြောင်းအဆို”နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသည့်
လွှတ်တော်ကိုယ်စားလှယ်လေးဦးက ဆွေးနွေးပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက
ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား ရှင်းလင်းတင်ပြ၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ
သဘောတူသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်
ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကယားပြည်နယ်၏
ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက
အကြံပြုဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားခြင်းမရှိသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ
သဘောတူသဖြင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက
အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ဦးစောဒီးဒီ ဘော်လခဲမြို့နယ်
ကိုယ်စားလှယ်အမှတ်(၂)က “ကယားပြည်နယ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ
နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို”ကို လွှတ်တော်သို့ တင်သွင်းရာ
ဦးစိုးညွန့် ရှားတောမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)က ထောက်ခံပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက
တင်သွင်းသည့်အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက
အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာ၍ တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်တတိယပုံမှန်အစည်းအဝေး
(ဒုတိယနေ့)ကို ရပ်နားကာ တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)
ကို သြဂုတ် ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments