မိတ္ထီလာမြို့၌ ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသ

 



မိတ္ထီလာ သြဂုတ် ၂၃


ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး ၁၂ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား သြဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဆေးကုသပေးရာတွင် ဆေးပညာဆိုင်ရာလူနာ၊ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ၊ နှလုံးရောဂါဆိုင်ရာလူနာ၊ ဟော်မုန်း ရောဂါလူနာ၊ ကင်ဆာရောဂါလူနာ၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှု ဆိုင်ရာလူနာ၊ အရိုး အကြော အဆစ် ဆေးပညာလူနာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုလူနာ၊ အဆုတ်နှင့်ရင်ခေါင်းလူနာ၊ အရေပြားလူနာ၊ အသည်းရောဂါလူနာနှင့် သွေးရောဂါလူနာများအား ကြည့်ရှုကုသပေးခဲ့ပြီး အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့်စစ်ဆေးခြင်း(CT Scan)၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု၊ တယ်လီဗေးရှင်းဓာတ်မှန်(Ultrasound)ဖြင့် ရောဂါရှာဖွေခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)တို့ကိုလည်း ဆောင်ရွက်ပေးသည်။ ရောဂါရှာဖွေစစ်ဆေးမှုနှင့်ကုသမှု ဆက်လက် ဆောင်ရွက်ရန် လိုအပ်သော လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးသွားမည်ဖြစ်သည်။


ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန် ဆေးကုသမှုအတွက် လူနာမှ စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းစေရန်၊ ရောဂါများကို အချိန်မီ စောစီးစွာ သိရှိကုသမှုခံယူနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများသို့လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ခရိုင်၊ မြို့နယ်များသို့လည်းကောင်း ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments

Powered by Blogger.