မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်အိမ်ထောင်စု များအား တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥ ထောက်ပံ့ပေးအပ်
မန္တလေး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တလင်းကြီးကျေးရွာ အုပ်စု ဝဲကြီးဆင်ရွာကျေးရွာ ယာယီ ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်သည်။
အားပေးစကား ပြောကြား
အဆိုပါ ယာယီရေဘေးရှောင် စခန်းရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ တွေ့ဆုံအားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွား လျက်ရှိပြီး သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်မှုလျော့နည်းစေရေး အဓိကဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ယခုရေဘေးသင့် ဒေသတွင် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသည့်အတွက် ဒေသနေပြည်သူများအနေဖြင့် အတွေ့အကြုံ အထိုက်အလျောက်ရှိပြီး ကြိုတင် ပြင်ဆင်မှု အသင့်ရှိသောကြောင့် အသက်ဆုံးရှုံးမှု မရှိခြင်းဖြစ် ကြောင်း၊ သို့သော် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုနေသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ အနည်းငယ် ကြာမြင့်နိုင်ပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ဆက်စပ်ကြုံတွေ့ရ လေ့ရှိသော ဝမ်းပျက်ဝမ်းလျှော အပါအဝင် အခြားသောရောဂါ အန္တရာယ်များမဖြစ်စေရေး အထူး သတိပြု ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments