တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး
နေပြည်တော် ဩဂုတ် ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိ သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသနေမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို မေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာနှင့်အဖွဲ့ဝင်များသည် သားဖွားမီးယပ်နှင့် မွေးကင်းစကုသဆောင်သို့ သွားရောက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးလူနာများကို တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်ခန်းမ၌ စစ်ထောက်ချုပ်နှင့်စစ်ရေးချုပ်တို့က ဘဏ္ဍာရေးနှစ်အလိုက် စစ်မှုထမ်းဟောင်းအိမ်ရာ အဆောက်အဦများ တိုးချဲ့တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အဦများ တည်ဆောက်ရာ တွင်လည်း သတ်မှတ်ကာလအတွင်းပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်၊ အထပ်မြင့်အဆောက်အဦများကို သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက်ဆောက်လုပ်သွားရန်၊ တည်ဆောက်ပြီးစီးသည့်အိမ်ရာများ၌ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ စနစ်တကျနေရာချထားပေးသွားရန်၊ ပြောင်းရွှေ့ရောက်ရှိလာမည့် စစ်မှုထမ်းဟောင်းများနှင့်မိသားစုများ အဆင်ပြေစွာဖြင့် အဆင်သင့်နေထိုင်စားသောက်နိုင်ရေးအတွက် အခြေခံစားကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂပစ္စည်များကို ကြိုတင်ဖြည့်ဆည်း စီမံဆောင်ရွက်ပေးထားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ တိုက်ခန်းများအတွင်း လက်ရှိနေထိုင်လျက်ရှိသူများနှင့် ထပ်မံရောက်ရှိလာမည့် စစ်မှုထမ်းဟောင်း များနှင့်မိသားစုများအတွက် အဆင်ပြေစွာ အဆင့်သင့်နေထိုင်စားသောက်နိုင်ရေး အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးပရိဘောဂပစ္စည်းများ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ပေးထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အိမ်ရာတွင် နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်ချက် များကိုမေးမြန်းပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments