ချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်



ဖလမ်း သြဂုတ် ၁၂


ချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆီနှင့် အခြေခံစားသောက် ကုန်ပစ္စည်းများ၊ ယာယီပြည်သူ့ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား အာဟာရ ဖြည့်စွက်စာများနှင့် ဆေးရုံအတွက် လိုအပ်သော ဆေးဝါးများကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြိး ဗိုလ်ချုပ်ကျော်စွာဦးက ဖလမ်း မြို့တော်ခန်းမနှင့် ဆေးရုံ၌ ထောက်ပံ့ပေးအပ်သည်။

 

ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် မြို့နယ် ဆည်မြောင်းဦးစီးဌာန အတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှုကို လည်းကောင်း၊ ပြန်လည်ပြုပြင်နေသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် သင်တန်းသား သင်တန်းသူ အိပ်ဆောင်များကို လည်းကောင်း၊ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့ရသည့် သင်ထောက်ကူပစ္စည်းများနှင့် စက်ကိရိယာများကိုလည်း ကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် ဝန်ထမ်းအိမ်ရာ ပြုပြင်နေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။


ထို့အတူ တီးတိန်မြို့ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ မြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ၊ RC တစ်ထပ်ပြုပြင်ပြီးစီးမှုနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းလယ်ပန်းခြံနှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများကို လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


အလားတူ တွန်းဇံမြို့ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူးသည် တစ်စိတ် တစ်ပိုင်းပျက်စီးသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ၊ ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်နေမှုကို လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင် ပြန်လည် ပြုပြင်နေမှုကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ရေကန် ပြန်လည်ပြုပြင်နေမှုကို လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.