ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းတမံရေပိုလွှဲမှ ၁ဒသမ၆ ပေ ရေကျော်စီးဆင်းလျက်ရှိ




ငဖဲ   ဩဂုတ် ၁၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဩဂုတ်လ ၁၁  ရက်နေ့ နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ မန်းချောင်းရေလှောင်တမံ အမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့် အမှတ် ၆၂၅ ပေ ရှိရာမှ  ၆၂၆ ဒသမ ၆ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၁ဒသမ ၆ ပေအမြင့် အဖြစ် တမံရေပိုလွှဲမှဆက်လက်ရေကျော် စီးဆင်းလျက်ရှိကြောင်းငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။


ယခုလက်ရှိတွင် ဆည်တမံအတွင်း ရေပြည့်မှတ်ထက် ကျော်လွန်ကာရေပိုလွှဲမှ ရေကျော်စီးဆင်း နေ၍ မြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့်() အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ မန်းတမံ ဆည်ရေသောက် ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထားရှိပြီး တမံအခြေအနေများ နှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အချိန်နှင့် တစ်ပြေးညီအသိပေး နှိုးဆော်လျက်ရှိသည်။


ငဖဲမြို့နယ်တွင် ဇူလိုင်လပထမပတ်စ၍  မိုးများအဆက်မပြတ်ဆက်လက် ရွာသွန်းခဲ့ခြင်းကြောင့် ဆည်များအတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ်ဝင်ရောက်ကာ မန်းတမံ ရေပိုလွှဲမှ စတင်ရေကျော်စီးဆင်းခဲ့ရာ ယနေ့တွင် ၁ဒသမ ၆ ပေအမြင့်ဖြင့် ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ မန်းတမံ ရေကျော်စီးဆင်းမှုအား တာဝန်ရှိသူများကအမြဲမပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး တမံ၊ ရေထုတ်ပြွန် နှင့် ဆက်စပ်အဆောက်အဦများ အားလုံး ကြံ့ခိုင်ကောင်းမွန်၍ ၂၄ နာရီ ရေကင်းတာဝန်ချထားကာ အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။


မယု(ငဖဲ)

No comments

Powered by Blogger.