ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်၊ ဆေးဝါးများ ထောက်ပံ့ပေးအပ်
ရပ်စောက် သြဂုတ် ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်နှင့်
ကလောမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး
ရေဘေးသင့်ပြည်သူများကို ရပ်စောက်မြို့တွင် မိုးလုံလေလုံ အားကစားကွင်းနှင့် ဥတ္တံတားဓမ္မာရုံတွင်လည်းကောင်း၊
ကလောမြို့တွင် အမှတ်(၅) ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်တွင် လည်းကောင်း ယာယီရေဘေး
ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို
နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ၊
လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေး စခန်းရှိ ပြည်သူများကို
ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ သွားရောက်စဉ် ရပ်စောက်မြို့မှ
ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်နှင့် ဆေးဝါးများ၊
လိုအပ်သော အသုံးအဆောင် ပစ္စည်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက
ထောက်ပံ့ပေးသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပေးအပ်ပြီး ရေဝင်ရောက်နေသည့် ဇော်ဂျီမြစ်
ချောင်းဘေးရှိ ရပ်ကွက်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့အတူ ကလောမြို့ အမှတ်(၅) ရပ်ကွက်
မြို့မပရိယတ္တိစာသင်တိုက်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ကုန်၊
ဆေးဝါးများကို သွားရောက် ပေးအပ်သည်။
ထို့ပြင် ရေဝင်ရောက်ခဲ့သည့် ကလောမြို့
အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ မြို့နယ်ဥပဒေရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
ဌာနရုံး၊ မြို့တော်ခန်းမတို့တွင် ရေပြန်လည်ကျဆင်းသွားသဖြင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို
လည်းကောင်း၊ မောမြေဦးပန်းခြံ၊ ကလောချောင်းနှင့် ခရိုင်ပညာရေးရုံးကို လည်းကောင်း၊ ရပ်ကွက်(၄)ကလော
ချောင်းကူးတံတား၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း အုတ်တံတိုင်းပြိုလဲမှုကို လည်းကောင်း၊
အမှတ်(၄) ရပ်ကွက် ရှိ ပလောင်စျေးသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၊
ကလောချောင်း မှတ်တိုင်(၁၄၇)မှ Fullmoon Hotel နောက် ကလောချောင်းအထိ ရေမြောင်းအသစ် တူးဖော်မည့်နေရာကို
လည်းကောင်း၊ ကလောအင်းပြင် သစ်တောပျိုးဥယျာဉ်ရှေ့ ကလောချောင်း ရေစီးဆင်းမှုကို လည်းကောင်း
သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments