အစ္စရေး နိုင်ငံရေးခေါင်းဆောင်များ ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိ
ဂျေရုဆလင် ဩဂုတ် ၂၇
အစ္စရေးနိုင်ငံရှိ နိုင်ငံရေးခေါင်းဆောင်များက လာမည့်အောက်တိုဘာလတွင်
ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိကြပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုမှာမူ မျှော်လင့်ထားသည်ထက် ပိုမိုခက်ခဲသောစိန်ခေါ်မှုတစ်ရပ်နှင့်
ရင်ဆိုင်နေရသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ စစ်ဦးစီးချုပ်ဟောင်းတစ်ဦး
ဦးဆောင်သည့် ပါတီသစ်တစ်ခုက လူထု၏ ထောက်ခံမှုများကို ရရှိလျက်ရှိကြောင်း သိရသည်။
နေတန်ယာဟုသည် အစ္စရေးနိုင်ငံ၏
ခေါင်းဆောင်အဖြစ် ၁၈ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် မိမိ၏ လီကွဒ်ပါတီအတွက် ကျင်းပသည့် ပါတီတွင်း
ရွေးချယ်တင်မြှောက်မှုကို ထောက်ခံအားပေးရန် မဲရုံတစ်ခုသို့ သွားရောက်ခဲ့သည်။
နေတန်ယာဟုက လာမည့်ရွေးကောက်ပွဲတွင်
အနိုင်ရရှိရန် ကြိုးပမ်းကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဂါဇာ၊ လက်ဘနွန်နှင့်
အီရန်တို့တွင် ရရှိခဲ့သော
စစ်ရေးအောင်မြင်မှုများကို ထောက်ပြပြောဆိုလျက် နိုင်ငံ၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည့်
အန္တရာယ်များမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ၎င်း၏ ထောက်ခံသူများအား နေတန်ယာဟုက ပြောကြားသည်။
သို့သော် အတိုက်အခံခေါင်းဆောင်များကမူ ယင်းသို့ ပြောကြားချက်များကို လက်ခံခြင်းမရှိပေ။ လွန်ခဲ့သည့် သုံးနှစ်က ဟာမာ့စ်အဖွဲ့၏ ရုတ်တရက်
တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဟု စွပ်စွဲပြောဆိုကြပြီး စစ်ဆင်ရေးများမှာ ကြာမြင့်နေသော်လည်း
ရည်မှန်းချက်များ မပြည့်မီခဲ့ကြောင်း ပြောကြားသည်။
ဒေသတွင်း မီဒီယာများ၏
စစ်တမ်းများအရ အတိုက်အခံများက အာဏာရပါတီများထက် မဲဆန္ဒနယ်နေရာ ပိုမိုရရှိနိုင်မည်ဟု
ခန့်မှန်းထားကြသည်။ အထူးသဖြင့် အလယ်အလတ်ဝါဒီ ပါတီ တစ်ခုဖြစ်သည့် ယာရှာပါတီသည် လီကွဒ်ပါတီထက် လွှတ်တော်တွင်
အမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ်လာနိုင်ခြေရှိသည်။ ယာရှာပါတီကို စစ်ဦးစီးချုပ်ဟောင်း
ဂါဒီအိုင်ဆန်ကော့တ်က ပြီးခဲ့သည့် စက်တင်ဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ကိုးကား
- အင်န်အိတ်ချ်ကေ
ဘာသာပြန်
- အောင်ကျော်ကျော်

No comments