ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်တို့အတွင်းရှိ မြို့နယ်များအတွက် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေး ရှင်းလင်းဆွေးနွေး

 


ပုဗ္ဗသီရိ ဩဂုတ် ၂၇

 

စိုက်ပျိုးရေးဦးစီးဌာနက ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်တို့အတွင်းရှိ မြို့နယ်များမှ ပိုးသတ်ဆေး အရောင်းဆိုင်များအား တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးက စိုက်ပျိုးရေးဦးစီးဌာနမှ တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း တားမြစ်ထားသည့် ဓာတုပိုးသတ်ဆေးများ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ပြည့်ဖြိုးဝေက တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးသုံးစွဲခြင်းကြောင့် သီးနှံအလိုက် ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုအခြေအနေများနှင့် ပိုးသတ်ဆေးသုံးစွဲခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသူများ၏ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)

No comments

Powered by Blogger.