မှော်ဘီမြို့နယ်၌ စပါးမျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်
နေပြည်တော် သြဂုတ် ၁၉
စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းသော
ဆန်စပါး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးသည်
အဓိကဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာရဲတင့်ထွန်းက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ
မြန်မာ့ဆန်စပါးသုတေသနဌာန၌ ကျင်းပသည့်
စပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်ပွဲတွင် ပြောကြားသည်။
ထို့ပြင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင်
မျိုးကောင်း မျိုးသန့် လွှမ်းခြုံနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်သူများ၊ တောင်သူများနှင့်
သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် စိုက်ပျိုးရေးကွင်း ဝန်ထမ်း ၂၀ တက်ရောက်မည်ဖြစ်ပြီး
သင်တန်း ကာလမှာ ရက် ၇၀ ကြာမြင့်မည် ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အပြီးတွင် လှည်းကူးမြို့နယ်
အုန္နဲကုန်းကျေးရွာ တောင်သူ ဦးတင်ယု၏ စပါးစမ်းသပ်ကွက်ကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့်
တွေ့ဆုံကာ စိုက်ခင်းမြေ ပြင်ဆင်ရာတွင် သမန်းပုပ်ချိန်ပြည့်ဝစေရေး၊ ရေရရှိမှုအပေါ် မူတည်၍
စိုက်ချိန်ဇယားကို စနစ်တကျ စီမံရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျ သုံးစွဲခြင်းဖြင့်
စိုက်စရိတ် သက်သာပြီး သီးနှံအထွက်နှုန်း၊ စပါးအရည်အသွေးနှင့် အရသာကိုပါ ပိုမိုကောင်းမွန်စေနိုင်ရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးကြသည်။
ထို့ပြင် ဗဟိုစိုက်ပျိုးပညာပေး သုတေသနနှင့်
လေ့ကျင့်ပညာပေးရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်
မွေးမြူရေးသိပ္ပံ (သာယာဝတီ)၏ သင်ကြားသင်ယူရေး လုပ်ငန်းများ၊ သာယာဝတီမြို့ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့်
ပြည်မြို့ရှိ အမှတ်(၃၀) စက်မှု လယ်ယာစခန်းတို့တွင် ဧရာဝတီတိုင်းဒေသကြီး ရေလွှမ်းဒေသများ
ပြန်လည်ထူထောင်ရေး ထွန်ယက်ရေး(အကူ)အဖွဲ့ ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments