ချင်းပြည်နယ်ဖလမ်းမြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးအဆောက်အအုံများ ပထမအဆင့်ပြုပြင်ခြင်းလုပ်ငန်း ၁၇ ရာခိုင်နှုန်းပြီးစီး



ဖလမ်း ဩဂုတ် ၂၁

ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့ရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံး အဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပထမအဆင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖလမ်းမြို့နယ်အတွင်း ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ လုံး ပြင်ဆင်လျက်ရှိရာ ၁၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အလားတူ တီးတိန်မြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်ပြင်ဆင်ခြင်းလုပ်ငန်း၊ မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း KG ကျောင်းဆောင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့် ပြန်လည်ပြင်ဆင်မှုအနေဖြင့် ဌာနကိုးဌာနမှ အဆောက်အအုံ ၂၇ လုံး ပြင်ဆင်လျက်ရှိရာ ၄၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

ထို့ပြင် တွန်းဇံမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆောက်အအုံပြုပြင်ခြင်း၊ လျှပ်စစ် ၄ ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်ရုံးပြုပြင်ခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်း၊ Cyclone Shelter ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာအဆောက်အအုံ ၄၂ လုံး ပထမအဆင့် ပြုပြင်ခြင်းအတွက် လုပ်ငန်းအားလုံး၏ ၁၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ ပြန်လည်ပြုပြင်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး၌ 6kv Watt ဆိုလာလျှပ်စစ်မီးတပ်ဆင်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ခရိုင်နှင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က ကြီးမှူးကျင်းပသည့် စံပြမိခင်ပြိုင်ပွဲနှင့် အသက် ၂ နှစ်အောက် စံပြကလေးပြိုင်ပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများနှင့် ကလေးများအတွက် အရုပ်နှင့် ကစားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။


အလားတူယမန်နေ့က ဖလမ်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၆၆/ ၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.