၂၀၂၆ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ




နေပြည်တော် ဩဂုတ် ၂၁

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြီး ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ ကိုယ်ဝန်ဆောင်အားဆေး၊ အနှီးပိတ်များနှင့် အာဟာရများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်အားဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းက “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရ”နှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးသော်တာမွန်က “ငါးနှစ်အောက်ကလေးအာဟာရ”နှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောကြကာ မေတ္တာစမ်းရေဆေးခန်းတွင် သုံးကြိမ်နှင့်အထက် လာရောက်ပြသပေးသော ကိုယ်ဝန်ဆောင်များအား မိခင်နို့တိုက်ကျွေးခြင်းနှင့် အာဟာရအကြောင်းများနှင့်ပတ်သက်သော မေးခွန်းလွှာများကို ဖြေဆိုစေခဲ့ပြီး ထူးချွန်စွာ ဖြေဆိုနိုင်ခဲ့သော ကိုယ်ဝန်ဆောင်များကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ပေးအပ်ခဲ့၍ ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရပြည့်ဝမျှတစွာ ချက်ပြုတ်စားသောက်တတ်စေရန်အတွက် ချက်ပြုတ်သရုပ်ပြမှုကို ကြည့်ရှုအားပေးကြသည်။


အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ‌ဒေါက်တာအေးထွန်းက ၂၀၀၉ ခုနှစ်ကစတင်ပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်ပူးပေါင်း၍ “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ” အဖြစ် သြဂုတ်လတစ်လလုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်စဉ်သြဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လည်းဖြစ်ကြောင်း၊ မည်သည့်အခြေအနေ၊ အချိန်အခါတွင်မဆို မိခင်နို့ကို အလွယ်တကူ တိုက်ကျွေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်အတွက် အားလုံးက ဝိုင်းဝန်းအထောက်အပံ့ပေးရန် လိုအပ်ကြောင်းကို သိရှိနိုင်စေရန်အတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် World Alliance for Breastfeeding Action (WABA) အဖွဲ့က တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် သတ်မှတ်သည့် ‘ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်’ ဆောင်ပုဒ်မှာ “Breastfeeding for a Sustain-able Start in Life: Strengthen What Works” ဖြစ်ပြီး မြန်မာလို “ဘဝအစလှပဖို့ မိခင်နို့ချိုတိုက်ကျွေးလို့ အလေ့အထကောင်းများ မြှင့်တင်စို့” ဟူ၍ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.