ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း (၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ တက်ရောက်
နေပြည်တော် ဩဂုတ် ၂၁
(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လက်ရှိအာဆီယံဆိုင်ရာ အစည်းအဝေးများ၏ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဩဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ Virtual စနစ်ဖြင့်ကျင်းပခဲ့ပြီး ဩဂုတ် ၂၁ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ဦးတည်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၆-၂၀၃၀ အာဆီယံလူငယ် လုပ်ငန်းအစီအစဉ်နှင့်အညီ လူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အာဆီယံဒေသအဆင့် ဆောင်ရွက်သွားမည့်အစီအစဉ်နှင့် လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ဆောင်ပုဒ်တို့နှင့်စပ်လျဉ်း၍ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ရှင်းလင်းဆွေးနွေးသည်။
(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ၂၁ ရက် နံနက်ပိုင်းကကျင်းပရာ အစည်းအဝေးတွင် (၁၄) ကြိမ်နှင့် (၁၅) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာများကိုတင်ပြခြင်း၊ ၂၀၂၆-၂၀၃၀ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်၊ “လူငယ်တွေ ဖွံ့ဖြိုးတိုးတက်အောင် အားပေးရန် အားလုံးပါဝင်တိုးတက်တီထွင်ကြံ့ကြံ့ခံသည့် အာဆီယံအနာဂတ်ဆီသို့ အတူလျှောက်လှမ်းကြပါစို့” အာဆီယံကြေညာစာတမ်း၊ လူငယ်များ၏ ဒီဂျစ်တယ်ခံနိုင်ရည်စွမ်းများ မြှင့်တင်ရေးဆိုင်ရာ လူငယ်ထုတ်ပြန်ချက်နှင့် (၁၄) ကြိမ်မြောက် အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုချမှတ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် (၁၀) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကိုပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများနှင့် အပေါင်း ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ လူငယ်ဆိုင်ရာဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး (၁၀) ကြိမ်မြောက် အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၌ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက နောင်လာမည့် ၂၀၂၇-၂၀၂၈ ခုနှစ်များအတွက် အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံထံသို့ ဥက္ကဋ္ဌတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး (၁၀) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၌ လက်ရှိပူးတွဲဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က နောင်လာမည့် ပူးတွဲဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်ကြသည့် (၁၅) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments